Samsung ဟာ Galaxy Fold 2 ရဲ့ဈေးနှုန်းကို မူလ Fold ဟန်းဆက်ထက် ဒေါ်လာတစ်ရာလောက် လျော့ချမယ်လို့ သတင်းထွက်ခဲ့ပေမယ့် တကယ်ဆိုရင်တောင် သူ့ရဲ့ဈေးဟာ တော်ရုံလူတွေအတွက် များနေဦးမှာပါ။ ယနေ့မှာတော့ သိသိသာသာဈေးပိုချိုသာမယ့် Galaxy Fold Lite ဗားရှင်းရဲ့သတင်းကို စတင်ကြားသိလာရပါတယ်။

Lite ဗားရှင်းဟာ ဒေါ်လာနှစ်ထောင်နားကပ်နေမှာမဟုတ်ဘဲ အခြေခံဈေးနှုန်း ဒေါ်လာ ၁၁၀၀ (မြန်မာငွေ ၁၅ သိန်းခွဲ) သတ်မှတ်လာမယ်လို့ဆိုပါတယ်။ ဒီပမာဏဟာ Galaxy S20+ 4G ရဲ့ဈေးနဲ့အတူတူဖြစ်ပြီး Galaxy Fold Lite ဟာလည်း ဈေးကိုလျော့ချနိုင်ဖို့ 4G အနေနဲ့ပဲထွက်လာမှာဖြစ်ပါတယ်။ Galaxy S10 Lite နဲ့ Note10 Lite တို့လို အထဲက အစိတ်အပိုင်းတွေကို အသစ်နဲ့အဟောင်းရောနှောတည်ဆောက်လာမှာပါ။

ဒါပေမယ့် ချစ်ပ်ဆက်ကတော့ S20 စီးရီးလိုပဲ အသစ်စက်စက် Snapdragon 865 ကိုပဲ အသုံးပြုလာဖို့များပါတယ်။ Storage ပမာဏကို 256GB ကနေ စတင်မှာဖြစ်ပြီး Fold 2 မှာလည်း ဈေးနှုန်းလျော့ချနိုင်ဖို့ အလားတူပြုလုပ်လာမယ်လို့ သတင်းထွက်ထားပါတယ်။

Samsung Galaxy Fold Lite ရဲ့အတွင်း Screen မှာ Ultra Thin Glass (UTG) ကို သုံးစွဲမှာမဟုတ်တာကြောင့် Z Flip လောက်တော့ ကွာလတီကောင်းမှာမဟုတ်ပါဘူး။ ဖုန်းရဲ့ကိုယ်ထည်ကို Stainless Steel အစား အလူမီနီယံနဲ့ အသုံးပြုတည်ဆောက်ထားမှာဖြစ်ပြီး Glass နဲ့ဖုံးအုပ်ထားမယ့်အပြင်ဘက်က Mirror Black နဲ့ Mirror Purple အရောင်နှစ်မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။

အဆိုပါသတင်းရင်းမြစ်ကပဲ Galaxy Z Flip 5G မှာလည်း Lite မော်ဒယ်ထွက်လာဦးမယ်လို့ ဆိုထားပါတယ်။ Snapdragon 855+ အသုံးပြု 5G ဖုန်းအချို့ရှိပေမယ့် Z Flip Lite ဟာလည်း Fold Lite လိုပဲ ချစ်ပ်ဆက်အသစ်နဲ့ ထွက်လာမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

Ref – GSMArena