Samsung ရဲ့ Galaxy M01 နဲ့ ပတ်သက်တဲ့ အချက်အလက်အချို့ဟာ Android Pure ကတစ်ဆင့် ပေါ်ထွက်လာပါတယ်။ တန်ဖိုးနည်းအမျိုးအစားဖြစ်တဲ့ ဒီဟန်းဆက်ဟာ စုစုပေါင်း ကင်မရာသုံးလုံးနဲ့ဖြစ်တာကို သိရှိလိုက်ကြရပါတယ်။

Galaxy M01 ဟာကျောဘက်မှာ f/2.2 aperture နဲ့ 13MP အဓိကကင်မရာကို f/2.4 aperture နဲ့ 2MP depth sensor တို့ကို တွဲဖက်ပေးထားပါတယ်။ အရှေ့ဘက်မျက်နှာပြင်က Selfie ကင်မရာကတော့ f/2.2 aperture နဲ့ 5MP ရှိပါတယ်။ Snapdragon 439 SoC ကို အသုံးပြုထားပြီး 3GB of RAM, 32GB Storage နဲ့ တွဲဖက်ပေးထားပါတယ်။

မျက်နှာပြင်အရွယ်အစားဟာ 5.71-inch ဖြစ်ပြီး 720 x 1560px HD resolution ဖြစ်ပါတယ်။ ဘက်ထရီပမာဏကတော့ 4,000 mAh ဖြစ်တာကိုသိရပေမယ့် အားသွင်းစနစ်နဲ့ပတ်သက်တဲ့ အချက်အလက်ကိုတော့ မသိရသေးပါဘူး။ Dobly Atmos အသံစနစ်၊ Samsung Health, One UI နဲ့ Face Unlock စနစ် စတာတွေ ထောက်ပံ့ထားတာ တွေ့ရပါတယ်။ microSD card field ကိုတော့ “TBD” ဆိုပြီး ခေါ်တွင်ထားတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။

လက်ရှိပေါက်ကြားထွက်ပေါ်လာတဲ့ အချက်အလက်တွေဟာ အပြီးသတ်အချက်အလက်တွေမဟုတ်သလို၊ အတည်ပြုချက်လည်း မရရှိသေးပါဘူး။ ဒါကြောင့် အချက်အလက်တွေဟာ အပြောင်းအလဲ ဖြစ်လာနိုင်သေးတာကို မေ့လို့မဖြစ်ပါဘူး။ နောက်ဆုံးထွက်ထားတဲ့ ကောလာဟလတွေအရ Galaxy M01 ဟာ အိန္ဒိယဈေးကွက်မှာ USD 118 (၁ သိန်း ၆ သောင်းခွဲဝန်းကျင်) နဲ့ ဖြန့်ချိမယ်လို့ ယူဆရပါတယ်။ အိန္ဒိယဈေးကွက်မှာ Galaxy M01 နဲ့ M11 ကို လာမယ့် ဇွန်လအစောပိုင်းမှာ ဖြန့်ချိလာဖွယ်ရှိပါတယ်။

Ref: GSM Arena