Samsung ရဲ့ Galaxy M စီးရီးတွေဟာ အိန္ဒိယမှာ စတင်ပွဲထုတ်ပြီးတဲ့နောက် ကုမ္ပဏီရဲ့ ရောင်းအားအကောင်းဆုံး စီးရီး ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာတုန်းက တောင်ကိုရီးယားကုမ္ပဏီကြီးဟာ Galaxy M စီးရီးထဲမှာ ဈေးအကြီးဆုံးအဖြစ် Galaxy M51 ကို မိတ်ဆက်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းကတော့ Galaxy M40 ဟာ Galaxy M စီးရီးထဲမှာ အကုန်အကျအများဆုံးဖြစ်ခဲ့ဖူးပါတယ်။ ဒီစီးရီးထဲက အခြားဈေးသက်သာတဲ့ ဟန်းဆက်တွေနဲ့မတူညီတာက Punch-hole LCD panel နဲ့ Qualcomm Snapdragon 675 chipset ကို အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဟန်းဆက်ကို သတ်မှတ်ထားတဲ့ဈေးကွက်အချို့မှာတော့ Galaxy A60 အနေနဲ့ မိတ်ဆက်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်ထဲမှာတော့ Galaxy M51 က Galaxy M စီးရီးထဲမှာ ဈေးအကြီးဆုံး ဖြစ်ခဲ့တာပါ။ ဘက်ထရီပိုင်းမှာ အံ့အားသင့်စရာကောင်းလောက်အောင် 7,000mAh အထိ အသုံးပြုထားပြီး ဒါဟာ Samsung ရဲ့ စမတ်ဖုန်းတွေထဲမှာ အကြီးမားဆုံး ဖြစ်ခဲ့ပါတယ်။ Chipset ကိုလည်း Qualcomm Snapdragon 730G အသုံးပြုခဲ့ပြီး AMOLED display နဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုထွက်ပေါ်နေတဲ့ သတင်းသစ်အရ Samsung ဟာ Galaxy M62 ကို ပိုပြီးအဆင့်မြင့်တဲ့ Specs တွေ၊ ပိုပြီးမြင့်မားတဲ့ ဈေးနှုန်းတွေနဲ့အတူ မိတ်ဆက်နိုင်ဖို့ ပြုလုပ်နေကြောင်း သိရပါတယ်။ SamMobile ရဲ့ဖော်ပြချက်မှာတော့ မော်ဒယ်နံပါတ် SM-M625F ဟာ သိုလှောင်မှုပမာဏ 256GB ရှိတာကို တွေ့ရပါတယ်။ ဒီမော်ဒယ်နံပါတ်ဟာ Galaxy M62 အနေနဲ့ ထွက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ဒီအတိုင်းသာမှန်ခဲ့မယ်ဆိုရင်တော့ Galaxy M62 ဟာ Galaxy M စီးရီးမှာ ပထမဦးဆုံး 256GB Storage ပါဝင်တဲ့ ဟန်းဆက်ဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် Galaxy M62 မှာ Qualcomm Chipset, AMOLED display နဲ့ 7,000mAh ဘက်ထရီတွေကိုလည်း မျှော်လင့်နိုင်ပါသေးတယ်။ Galaxy M62 ကို လာမယ့်နှစ်အတွင်း Galaxy A52, Galaxy A72 တို့နဲ့အတူ ပွဲထုတ်လာဖွယ်ရှိတယ်လို့ မျှော်မှန်းရပါတယ်။

Ref: Gizmochina