Samsung ရဲ့ Galaxy Ring ဟာ ဒီဇိုင်းလှပပြီး စမတ်ကျတဲ့ Wearable တစ်ခု ဖြစ်ပါတယ်။ အခုတော့ လူတစ်ဦးဟာ လက်စွပ်ကြောင့် ဒုက္ခကြီးကြီးရောက်မလိုဖြစ်သွားခဲ့ပါတယ်။ Galaxy Ring ပိုင်ရှင်တစ်ဦးက ဘက်ထရီဖောင်းကားလာတဲ့ ပြဿနာကြောင့် ဆေးရုံကို အရေးပေါ်သွားရောက်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ Samsung Galaxy Ring သုံးစွဲသူတွေက ဘက်ထရီနဲ့ပတ်သက်တဲ့ ပြဿနာတွေကို တိုင်ကြားခဲ့ကြပါတယ်။ တိုင်ကြားမှုအများစုက တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးရဲ့ ပထမဆုံး smart ring ရဲ့ ဘက်ထရီသက်တမ်းနဲ့ ပတ်သက်နေပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒီဘက်ထရီပြဿနာက ပိုကြီးမားသွားပါတယ်။ Zone of Tech က Daniel ဆိုသူက သူ့ရဲ့ Galaxy Ring အဖြစ်အပျက်ကို X (Twitter) မှာ ရေးသားခဲ့ပါတယ်။
သူ လေယာဉ်ပေါ်တက်ခါနီးမှာ သူ့ရဲ့ Galaxy Ring ဘက်ထရီက ဖောင်းကားလာခဲ့ပါတယ်။ အဲဒီအတွက် သူက ခရီးစဉ်ကို ဖျက်ခဲ့ရပါတယ်။ ဒါပေမဲ့ လက်စွပ်ထဲက cell ဖောင်းကားလာတာကြောင့် Daniel က အဲဒါကို ချွတ်လို့မရတော့ပါဘူး။ သာမန်လက်စွပ်တစ်ကွင်းကို ဖြတ်တောက်ဖယ်ရှားနိုင်ပေမယ့် smart ring မှာ ဘက်ထရီ cell ပါဝင်တာကြောင့် အဲဒီလိုလုပ်လို့မရပါဘူး။ ဘက်ထရီရဲ့ နံရံကို ထိုးဖောက်မိရင် ဒါတွေက အလွယ်တကူ မီးလောင်နိုင်ပါတယ်။ ဒါကြောင့် သူက ဆေးရုံရဲ့ အရေးပေါ်ဌာနကို ချက်ချင်းသွားခဲ့ပြီး လက်စွပ်ကို ချွတ်ခဲ့ရပါတယ်။
Daniel က ဘက်ထရီ ဖောင်းကားလာတာကြောင့် သူ့လက်ချောင်း တော်တော်နာကျင်ခဲ့တယ်လို့ ပြောပြပါတယ်။ Samsung အနေနဲ့ ဒီလိုအခြေအနေတွေမှာ လက်စွပ်ကိုဖယ်ရှားဖို့အတွက် ဘေးကင်းလုံခြုံတဲ့စနစ်တစ်ခု ဒါမှမဟုတ် ပိုမိုလွယ်ကူတဲ့ နည်းလမ်းတစ်ခုခု ထည့်သွင်းထားသင့်ပါတယ်။
Ref : Gizmochina