Samsung Galaxy S20 FE (Fan Edition) ရဲ့ ပတ်ပတ်လည် ဒီဇိုင်းဟာ ပြီးခဲ့တဲ့ အပတ်က ထွက်ပေါ်လာခဲ့ပြီး S20 ကို အခြေခံထားတဲ့ ဟန်းဆက် တစ်ခု မဟုတ်ဘဲ Galaxy S10 Lite ရဲ့ တိုက်ရိုက် ဆက်ခံသူ ဖြစ်ကြောင်း သိခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် Galaxy S20 FE ဟာ အရောင်ခြောက်မျိုးနဲ့ ထွက်လာမယ် ဆိုတာလည်း သိထားရပြီး ယနေ့မှာတော့ နောက်ဆုံး ကျန်တဲ့ အချက်အလက် အဖြစ် သူ့ရဲ့ စျေးနှုန်းကို ကနေဒါ ဒေါ်လာဖြင့် သိခွင့်ရလာခဲ့ပါတယ်။

အခုမြင်ရတဲ့ Database ထဲမှာ Galaxy S20 FE အတွက် ကနေဒါ ဒေါ်လာ ၁,၁၄၈.၆၅ (မြန်မာငွေ ၁၁ သိန်း ၇ သောင်း) သတ်မှတ်ထားတာကို တွေ့ရပါတယ်။ ဒီစျေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၈၇၆ လောက်နဲ့ ညီမျှပြီး အမေရိကန်နဲ့ အခြား စျေးကွက်တွေကို ဒီထက် အနည်းငယ် သက်သာတဲ့ စျေးနှုန်းနဲ့ ဝင်ရောက်လာနိုင်ပါသေးတယ်။ ရရှိနိုင်မယ့် အရောင်တွေကို အမည်ပေးထားတာတော့ Navy, Lavender, Sky Green, Red, White, Orange တို့ပဲ ဖြစ်ပါတယ်။

S20 FE ဟာ ရောင်းချမယ့် စျေးကွက်ကို လိုက်ပြီး 4G နဲ့ 5G ဗားရှင်းနှစ်မျိုး ရရှိနိုင်မှာပါ။ အရွယ်အစားက Galaxy S20+ နဲ့ အတူတူလောက်ပဲ ဖြစ်ပြီး Bezel က အနည်းငယ်ပိုကြီးတာကြောင့် Display မျက်နှာပြင်က နည်းနည်း ပိုသေးမှာပါ။ ဒါပေမယ့် 6.5” လောက်တော့ ရှိမှာဖြစ်ပြီး ထောင့်ချိုးတွေက Curved မဟုတ်နိုင်ပါဘူး။

နောက်ဘက် Triple-camera ကတော့ 12MP + 12MP Ultrawide + 8MP Telephoto Lens တွေ ဖြစ်ပါတယ်။ IP68 အကြမ်းခံနိုင်ရည် ပါမှာဖြစ်ပြီး 4,500 mAh ဘက္ထရီကြီး အသုံးပြုရမှာပါ။ ဒီဖုန်းကို အောက်တိုဘာလလောက်မှ စျေးကွက်ထဲမှာ မြင်ရမှာ ဖြစ်ပါတယ်။

Ref – GSMArena