Samsung ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S20 Series စမတ်ဖုန်းတွေဟာ အခုဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ အစောဆုံးအနေနဲ့ စတင်ရောင်းချနေပြီဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထင်ထားတာထက် ရောင်းအားပိုပြီးထိခိုက်နေတဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် တောင်ကိုရီးယားသတင်းဌာနတစ်ခုဖြစ်တဲ့ Yonhap News Agency ကနေ Samsung ဟာ ပထဆုံး Galaxy S20 Series တွေကို စတင်ရောင်းချတဲ့နေ့တစ်ရက်ထဲမှာ အလုံးရေ ၇၀,၈၀၀ ဝန်းကျင်ပဲ ရောင်းချခဲ့ရတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါက မနှစ်တုန်းက Galaxy S10 Series တွေရဲ့ ပထမဆုံးနေ့ ရောင်းအားဖြစ်တဲ့ ၁၄၀,၀၀၀ ဝန်းကျင်နဲ့ ယှဥ်ရင် ထက်ဝက်လောက်ကို ကျဆင်းသွားတာပါ။

ဒါတင်မဟုတ်သေးဘဲ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကထွက်ရှိခဲ့တဲ့ Galaxy Note 10 Series ဖုန်းတွေဆိုရင်လည်း ပထမဆုံးနေ့မှာတင် အလုံးရေ ၂၂၀,၀၀၀ ဝန်းကျင်အထိ ရောင်းချရပြီး အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး ရောင်းအားကျဆင်းမှုဟာ အဓိကအနေနဲ့ တခြားသောစမတ်ဖုန်းအသစ်တွေကို စျေးလျော့ရောင်းနေတာကြောင့်နဲ့ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အန္ဒရာယ်ကြောင့် Offline Store တွေကို လူတွေလာရောက်ခြင်းမရှိတာကြောင့်ဖြစ်တယ်ဆိုပြီး Local Telecom ကုမ္ပဏီတစ်ခုက ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေသူပေါင်း ၂,၃၀၀ ကျော်ကို အတည်ပြုထားနိုင်ပြီးတော့ သေဆုံးသူ ၁၃ ခန့်ရှိနေပြီဖြစ်ပါတယ်။ အဆိုပါ ရလဒ်ဟာ တရုတ်နိုင်ငံပြင်ပနိုင်ငံတွေထဲမှာ အများဆုံးဖြစ်နေတာဖြစ်ပြီး လက်ရှိမှာလည်း K-pop အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ကလည်း နိုင်ငံတွင်း ဖျော်ဖြေဖို့ရှိနေတဲ့ Show တွေကို ဖျက်သိမ်းထားပြီးဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Galaxy S20 Series တွေကို US မှာ လာမယ့် မတ်လ ၆ ရက်နေ့နဲ့ တခြားနိုင်ငံတွေမှာလည်း မတ်လ ပထမရက်သတ္တပတ်ဝန်းကျင်မှာ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – CNet