Samsung ဟာ Galaxy S21 စီးရီးကို မကြာသေးခင်ကမှ ကျင်းပပြုလုပ်ခဲ့တဲ့ 2021 Unpacked event မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Galaxy S21 စီးရီးမှာ Galaxy S21, Galaxy S21+ နဲ့ Galaxy S21 Ultra တို့ ပါဝင်ပါတယ်။ ဒီသုံးမျိုးစလုံးကိုလည်း ဈေးကွက်အတော်များများမှာ Pre-Order တင်လို့ရနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကနဲ့မတူတာကတော့ အခု မိတ်ဆက်လိုက်တဲ့ Galaxy S21 စီးရီးဝင်တွေအားလုံးဟာ 5G စမတ်ဖုန်းတွေဖြစ်နေတာပါ။ ဒါပေမယ့် ကုမ္ပဏီက 4G အမျိုးအစား Vanilla Galaxy S21 ကိုလည်း ထုတ်လုပ်ရောင်းချပေးမှာဖြစ်ပါတယ်။ Galaxy S21 4G ကို အခုတော့ Bluetooth SIG မှာ တွေ့မြင်ရပြီလည်း ဖြစ်ပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့နှစ်ကလည်း Galaxy S20 စီးရီးကို အမျိုးအစားနှစ်မျိုး ထုတ်လုပ်ခဲ့ပါတယ်။ 5G အမျိုးအစားကိုတော့ 5G ကွန်ရက်ဖွံ့ဖြိုးပြီးဈေးကွက်တွေမှာ ဦးစားပေးရောင်းချတာဖြစ်ပါတယ်။ ကျန်တဲ့အမျိုးအစားကတော့ 4G အမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့် အခု Galaxy S21 စီးရီးမိတ်ဆက်တော့ ကုမ္ပဏီက 4G မော်ဒယ်တွေအကြောင်း ဘာမှမပြောဘဲ တိတ်ဆိတ်နေခဲ့ပါတယ်။

ဒါပေမယ့် 4G အမျိုးအစား ပုံမှန် Galaxy S21 ကို မော်ဒယ်နံပါတ် SM-G990F, SM-G990F_DS တို့နဲ့အတူ Bluetooth SIG မှာ Certified ဖြစ်လာတာကို တွေ့ရတာပါ။ တောင်ကိုရီးယားကုမ္ပဏီကြီးဟာ 4G အမျိုးအစားကို 5G ကွန်ရက်မရှိသေးတဲ့ဈေးကွက်တွေမှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ 5G modem နဲ့ antenna တွေမပါရှိတာကြောင့် Galaxy S21 4G ဟာ Galaxy S21 5G ထက် ပိုပြီးဈေးနှုန်းချိုသာမယ်လို့လည်း ခန့်မှန်းရပါတယ်။

Ref: Gizmochina