Samsung ဟာ အောက်တိုဘာလ ၂၀ ရက်နေ့မှာ Galaxy Unpacked Event Part 2 ကို ပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ ယခုအချိန်မှာ Samsung ကနေ Flagship ဖုန်းတွေအကုန်လုံးမိတ်ဆက်ထားပြီးဖြစ်တာကြောင့် ဘယ်လိုမျိုး Product အသစ်တွေ မိတ်ဆက်လာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

တချို့ကလည်း အဆိုပါ Event မှာ Samsung ကနေ Galaxy S21 FE စမတ်ဖုန်းကို မိတ်ဆက်ဖို့ စီစဥ်ထားတယ်ဆိုပြီး ခန့်မှန်းနေကြပါတယ်။ ဒါပေမယ့်လည်း အခုနောက်ဆုံးရရှိတဲ့သတင်းတွေအရ Galaxy S21 FE စမတ်ဖုန်းကိုမိတ်ဆက်သွားဖို့ကလည်း ဖြစ်နိုင်ခြေမရှိတော့ဘူးလို့ သိရပါတယ်။

ဘာကြောင့်လဲဆိုရင် လက်ရှိအချိန်အထိ Samsung ဟာ Galaxy S21 FE ထုတ်လုပ်မှုကို အမြောက်အများထုတ်လုပ်နိုင်ခြင်းမရှိသေးတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါက လက်ရှိတကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ Chipset ပြတ်တောက်မှုပြဿနာကြောင့်ဖြစ်နေတာပါ။ အဲ့ဒါကြောင့် Samsung ကနေ Galaxy S21 FE စမတ်ဖုန်းကို လာမယ့်နှစ်မှပဲ မိတ်ဆက်သွားနိုင်မှာဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်ထားတဲ့သတင်းတွေအရတော့ Samsung ဟာ လာမယ့်နှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ Galaxy S21 FE စမတ်ဖုန်းကို တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အခုလိုမျိုး Galaxy S21 FE ဖုန်းကို ဇန်နဝါရီလမှာ မိတ်ဆက်သွားမှာကြောင့် Galaxy S22 Series ဖုန်းတွေမိတ်ဆက်ဖို့ကိုလည်း လာမယ့်နှစ် ဖေဖော်ဝါရီလအထိ ရွေ့ဆိုင်းသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena