၂၀၂၁ ခုနှစ်ကိုရောက်ဖို့ နှစ်လကျော်ကျော်လိုပါသေးတယ်။ ဒါပေမယ့် လာမယ့်နှစ်သစ်ထဲမှာ ထွက်ပေါ်လာမယ့် Flagships စမတ်ဖုန်းတွေအကြောင်းကတော့ အခုကတည်းက ပြောမဆုံးပေါင်၊ တောသုံးတောင် ဆိုသလို ဖြစ်နေပါတယ်။ အခုလည်း Samsung က Galaxy S20 Fan Edition ကို ဖြန့်ချိပြီးရုံရှိသေးပေမယ့် Galaxy S21 တွေအကြောင်းကို ပြောနေကြပြီ ဖြစ်ပါတယ်။

သတင်းတွေအရတော့ Samsung ဟာ Galaxy S21 စီးရီးကို လာမယ့် ၂၀၂၁ ခုနှစ်ရဲ့ ဇန်နဝါရီလထဲမှာပဲ ဖြန့်ချိဖို့အတွက် အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရပါတယ်။ ဒီအတွက် ထုတ်လုပ်မှုကို တစ်လစောလုပ်ဆောင်နေပြီး SamMobile ကတော့ ဒီ Flagships စီးရီးကို ဇန်နဝါရီလ တစ်ရက်ရက်မှာ မိတ်ဆက်မယ်လို့ ယုံကြည်နေပါတယ်။

ဒီသတင်းသာ အမှန်ဖြစ်လာမယ်ဆိုရင်တော့ Samsung ရဲ့ Flagships စီးရီးသစ်ကို မိတ်ဆက်နေကျဖြစ်တဲ့ ဖေဖော်ဝါရီလအထိ စောင့်စရာမလိုတော့ဘူးလို့ ဆိုရမှာပါ။ ဒါဟာ တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီကြီးရဲ့ ဖြန့်ချိရေးမဟာဗျူဟာသစ်လားဆိုတာတော့ မသိနိုင်ပါဘူး။ အကြောင်းက Samsung ဟာ ဒီနှစ်ထဲမှာ မိတ်ဆက်ဖြန့်ချိခြင်းတွေကို အတော်လေး အကွက်ရွှေ့ခဲ့လို့ပါပဲ။

Samsung ဟာ Galaxy Z Flip ကို S20 စီးရီးနဲ့အတူ မိတ်ဆက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ Note 20 စီးရီးကို သြဂုတ်လဆီ ရွှေ့ခဲ့ပြီး၊ အောက်တိုဘာလမှာ S20 ရဲ့ Fan Edition ကို ဖြန်ချိခဲ့ပါတယ်။ စက်တင်ဘာလထဲမှာတော့ ဒုတိယမျိုးဆက်ဖြစ်တဲ့ Galaxy Z Fold 2 ကို ပွဲထုတ်ခဲ့ပြန်ပါတယ်။ Galaxy S21 တွေဖြန့်ချိတဲ့အချိန်နဲ့ပတ်သက်ပြီး တိကျတဲ့ ရက်စွဲမရှိသေးပေမယ့် အကြမ်းအားဖြင့်တော့ ၂၀၂၁ ရဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအစောပိုင်းတွေမှာ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

TheElec ရဲ့ ဖော်ပြချက်အရတော့ Samsung ဟာ Galaxy S21 ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလလယ်မှာ စတင်ထုတ်လုပ်မယ်လို့ သိရပါတယ်။ Galaxy S21 မှာ မော်ဒယ်သုံးမျိုးရှိပြီး ထုတ်လုပ်မှုနာမည်တွေကတော့ O1, P3 နဲ့ T2 တို့ ဖြစ်ပါတယ်။ Gray, Pink, Violet, White နဲ့ Silver စတဲ့အရောင်တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Samsung ဟာ Galaxy S21 နဲ့အတူ မျိုးဆက်သစ် Galaxy Buds 2 ကိုလည်း ပွဲထုတ်သွားမယ်လို့ သတင်းထွက်ထားပါသေးတယ်။ ဒီ Earbuds တွေဟာ ရေစိုခံနိုင်မှုကို မြှင့်တင်ထားပြီး ကုဒ်နာမည် “Attic” နဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။ အရောင်ကတော့ Black, Silver နဲ့ Violet အရောင်တွေ ရွေးချယ်နိုင်မယ်လို့ ဆိုပါတယ်။

Ref: Gizmochina