Samsung Galaxy S21 စီးရီးကို မိတ်ဆက်ဖို့ အချိန် လေး−ငါးပတ်လောက် လိုနေပါသေးတယ်။ လာမယ့် ဇန်နဝါရီလ ၁၄ ရက်မှာ Galaxy S21 5G, S21+ 5G နဲ့ S21 Ultra 5G တို့ကို မိတ်ဆက်လာမယ်လို့ မျှော်လင့်ရပြီး၊ ဒီဟန်းဆက်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာအတော်များများကိုလည်း ပေါက်ကြားသတင်းတွေမှာ တွေ့မြင်ရပြီး ဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်လာတဲ့သတင်းက Samsung Galaxy S21 တွေရဲ့ Ultrasonic fingerprint sensor ဟာ နှစ်ဆပိုပြီး မြန်ဆန်လာမယ်ဆိုတဲ့ သတင်းပါပဲ။ Tipster ရဲ့ အဆိုအရတော့ ဒါဟာ 2019 Galaxy S10 နောက်ပိုင်းမှာ ပထမဆုံး အဆင့်မြှင့်တင်ခြင်းဖြစ်လာမှာပါ။ တစ်နည်းပြောရရင် ၂ နှစ်ဝန်းကျင်မှ ဖြစ်ပေါ်လာတဲ့ တိုးတက်ပြောင်းလဲမှုတစ်ခုပါ။

Samsung ဟာ Galaxy S10 စီးရီးမိတ်ဆက်ချိန်မှာ Qualcomm ရဲ့ Ultrasonic Fingerprint နည်းပညာကို တွဲပြီးမိတ်ဆက်ခဲ့တာပါ။ ဒီနည်းပညာဟာ Optical scanner တွေနဲ့မတူဘဲ လက်ဗွေကိုဖတ်ဖို့အတွက် Sound-wave ကို အသုံးပြုတဲ့ နည်းပညာဖြစ်ပါတယ်။ Display ထဲမှာပေါင်းစည်းထားပြီး စကင်ဖတ်နိုင်တဲ့ဧရိယာရဲ့ မျက်နှာပြင်ကိုလက်ကထိလိုက်ချိန်မှာ လက်ချောင်းရဲ့ဖိအားက လျှပ်စစ်သွေးခုန်နှုန်းကို ပို့ပေးလိုက်တာ ဖြစ်ပါတယ်။

သွေးခုန်နှုန်းဟာ “3D Sonic Sensor” ကို ဖတ်ပြီးတဲ့နောက် စစ်မှန်ကြောင်းအတည်ပြုနိုင်ဖို့ တွန်းအားပေးပါလိမ့်မယ်။ အဲဒီတုန်းကတော့ ဒီနည်းပညာဟာ မျှော်လင့်ထားကြသလောက် ကောင်းမွန်ခြင်းမရှိခဲ့ဘူးလို့ပဲ ဆိုရပါလိမ့်မယ်။ အခု Galaxy S21 မှာရှိတဲ့ Fingerprint sensor ကတော့ 8×8=64mm ဖြစ်မယ်လို့ ဆိုပါတယ်။ ဒါဟာ အရင်မျိုးဆက်ထက် ၁.၇၇ ဆ ပိုပြီးမြင့်မားတာ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့အထဲမှာ စကင်ဖတ်စစ်ဆေးတဲ့ဧရိယာ ပိုပြီးကြီးမားလာတာကို ရည်ညွှန်းတယ်ဆိုတဲ့အချက်ကိုလည်း ထည့်သွင်းထားရပါမယ်။ ဒါပေမယ့် Ice Universe ရဲ့ ဖော်ပြချက်မှာတော့ “အသုံးပြုသူဟာ ဧရိယာကို ဖိစရာမလိုတော့ဘဲ တစ်ချက်ထိလိုက်ဖို့ပဲလိုပါတယ်။ ဖွင့်တဲ့မြန်နှုန်းဟာ နှစ်ဆဖြစ်ပါတယ်” လို့ ရည်ညွှန်းထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဧရိယာနှစ်ဆ ဆိုတာထက် တုံ့ပြန်မှုမြန်နှုန်းနှစ်ဆက ပိုပြီးဖြစ်နိုင်ခြေရှိတယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

Ref: Gizmochina