Galaxy S21 နဲ့ S21+ တို့မှာ အရင်မျိုးဆက် S20 ရဲ့ ကင်မရာတွေပဲ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် S22 မျိုးဆက်မှာတော့ ကင်မရာတွေကို ဆန်းသစ်ထာမယ်လို့ Leakster Tron က သတင်းပေးလာပါတယ်။ S20/S21 မှာ 12MP Main နဲ့ 64MP Zoom ကင်မရာတွေ ထည့်သွင်းထားပါတယ်။ ပင်မ ကင်မရာရဲ့ Pixel ကြီးတဲ့အတွက် ညဘက် ဓါတ်ပုံတွေ အရည်အသွေးမြင့်မားပြီး 8K ဗီဒီယိုတွေ ရိုက်ကူးပေးနိုင်ပါတယ်။

S22 နဲ့ S22+ တို့မှာတော့ ပြောင်းလဲသွားမှာ ဖြစ်ပြီး 50MP Main , 12MP Telephoto (3x Optical Zoom) နဲ့ 12MP Ultrawide ကင်မရာတွေ တပ်ဆင်ထားမယ်လို့ သတင်းထွက်လာပါတယ်။ ဒါဟာ အရွယ်ကြီး Pixel တွေ အဆုံးသတ်ပြီလို့ မဆိုလိုပါဘူး။ Samsung မှာ အရွယ်ကြီး 1/1.12” 50MP Sensor ၁ လုံး ရှိပြီး 1.4 µm Native Pixels ကနေ 2.8 µm အထိ ကြီးထွားနိုင်ပါတယ်။ 8K ဗီဒီယိုတွေ ဖမ်းယူနိုင်သလို 100MP Mode ကို ပြောင်းသုံးနိုင်ပါတယ်။ S22 Series ကို ကြေညာချိန်မှာ Samsung ဟာ တတိယမျိုးဆက် GN Sensor ကိုတောင် မိတ်ဆက်ပြီးလောက်ပါပြီ။

S22 ကို ကြေညာဖို့ ၆ လလောက်အနည်းဆုံး လိုပါသေးတယ်။ အဲဒီအတွက် အခုစောစောစီးစီး ထွက်လာတဲ့ သတင်းတွေဟာ လုံးဝမှန်မယ်လို့ မပြောနိုင်သေးပါဘူး။ ဒီသတင်းမှန်မယ်ဆိုရင်တော့ S22 နဲ့ S22+ မှာ Periscope ကင်မရာ မပါလာနိုင်သေးဘဲ Ultra မော်ဒယ်မှာပဲ ပါလာနိုင်ပါတယ်။

တခြား သတင်းတွေအရ S22 မျိုးဆက်မှာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာနဲ့ 3D ToF Sensor တွေ မပါလာနိုင်သေးဘူးလို့ သိရပါတယ်။ S22 Series ရဲ့ လျှို့ဝှက်နာမည်ဟာ Rainbow ဖြစ်ပြီး မော်ဒယ် ၃ ခုအတွက် RGB စာလုံးတွေ ပေးထားမှာပါ။ R ဟာ ရိုးရိုး မော်ဒယ်၊ G ဟာ Plus နဲ့ B ဟာ Ultra တွေ ဖြစ်တယ်လို့ သိရပါတယ်။

Ref : gsmarena