Samsung ဟာ Galaxy S20 FE ဒါမှမဟုတ် Fun Edition ကို ၂၀၂၀ ပြည့်နှစ်တုန်းက စတင်ရောင်းချစဉ်မှာ ကြီးမားတဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ FE branded တွေကို စတင်ထုတ်လုပ်ခဲ့တာ နှစ်အနည်းငယ် ကြာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ FE branded ရဲ့ အနာဂတ်က သို့လောသို့လောပါပဲ။

Galaxy S20 FE ဟာ “စွမ်းဆောင်ရည်မြင့်” ဖုန်းတစ်လုံးဖြစ်တယ်လို့ Samsung ကပြောခဲ့သလို Galaxy S flagships တွေအတွက် FE ဗားရှင်းအသစ်ကိုလည်း နှစ်စဉ်ထုတ်ပေးမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံးထွက်လာတဲ့ သတင်းအရ တောင်ကိုရီးယားကုမ္ပဏီကြီးဟာ FE project ကို ချောင်ထိုးလိုက်တော့မဲ့ပုံပါပဲ။

SamMobile က သူ့ရဲ့ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီးဖော်ပြတဲ့သတင်းအရ Samsung ဟာ Galaxy S22 FE ကို ဖြန့်ချိတော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ အနာဂတ်မှာ FE မော်ဒယ်တွေ ထပ်ပြီးတော့ ထွက်လာတော့မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ Galaxy S21 FE ကိုလည်း ပြီးခဲ့တဲ့နှစ်တုန်းကတည်းက ထုတ်ပေးခဲ့သင့်ပေမဲ့ ပျက်ကွက်ခဲ့ပါတယ်။

Galaxy S21 စီးရီးကို စတင်ရောင်းချပြီး တစ်နှစ်နီးပါးအကြာ ဒီနှစ်ဇန်နဝါရီမှ Galaxy S21 FE ကိုမိတ်ဆက်ခဲ့တာပါ။ ဒါဟာ Samsung အနေနဲ့ သူ့ရဲ့ မြောက်များစွာသော ထုတ်ကုန်တွေကြားမှာ FE အတွက်နေရာကို ခက်ခက်ခဲခဲရှာနေရတဲ့ ပုံစံကိုညွှန်ပြနေပါတယ်။ ဒါကြောင့် Galaxy S22 FE ရဲ့ အနာဂတ်က မသေချာ၊ မရေရာဘူးဆိုတဲ့သတင်းဟာ ဖြစ်နိုင်ချေရှိတယ်လို့ ယုံကြည်ရပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ SamMobile အနေနဲ့ Galaxy S22 FE ရဲ့ မော်ဒယ်နံပါတ်ဖြစ်လာမဲ့ SM-S900 ကို မတွေ့ရသေးဘူးလို့ ဆိုလိုက်တာပါပဲ။ သူတို့အနေနဲ့ သုတေသနပြုလုပ်ခဲ့ရာမှာ Galaxy S22 FE အမှန်တကယ်ရှိနေကြောင်း သက်သေပြနိုင်မဲ့ အချက်အလက် တစ်စုံတစ်ရာကို မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါဟာ Samsung အနေနဲ့ Galaxy S22 FE ကို တကယ်ပဲ ချောင်ထိုးလိုက်တော့မှာလား၊ ဒါမှမဟုတ် သတင်းမထွက်အောင် ဖုံးဖိထားတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Ref: sammobile