Samsung ဟာ လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့မှာ Galaxy Tab S7 နဲ့ Tab S7+ တွေကို မိတ်ဆက်မယ်လို့ သတင်းထွက်ထားတာပါ။ ဒါပေမယ့် သိပ်မကြာခင်အချိန်တုန်းကပဲ Galaxy Tab A7 ကိုလည်း Bluetooth SIG မှာ အသိအမှတ်ပြုခံရတာကို တွေ့ခဲ့ရပါတယ်။

ဒါတင်မကသေးဘဲ Galaxy Tab A7 ဟာ အမေရိကန် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် FCC ရဲ့ ခွင့်ပြုချက်ကို ရရှိထားတာလည်းတွေ့ရတာကြောင့် ဒီ တက်ဘလက်ဟာ သိပ်မကြာခင်အချိန်မှာ မိတ်ဆက်ဖြန့်ချိတော့မယ်လို့ ယုံကြည်ရပါတယ်။ Bluetooth SIG အရ Galaxy Tab A7 နဲ့ ဆက်စပ်ပြီး SM-T500, SM-T505, SM-T505N, and SM-T507 စတဲ့ မော်ဒယ်နံပါတ်တွေကိုလည်း တွေ့မြင်ရပါတယ်။

မော်ဒယ်နံပါတ်တွေကို ကြည့်ခြင်းအားဖြင့် SM-T500 ဟာ Wi-Fi only ဖြစ်ပြီး SM-T505, SM-T505N နဲ့ SM-T507 တို့ဟာ LTE အမျိုးအစားတွေ ဖြစ်မယ်လို့ ဆိုနိုင်ပါတယ်။ Bluetooth 5.0 ထောက်ပံ့မှုကိုလည်း ရရှိကြောင်း သိနိုင်ပါတယ်။ ဒါ့အပြင် Galaxy Tab A7 ဟာ အမြင့် 247.6mm နဲ့ အကျယ် 157.36mm ဖြစ်ကြောင်းလည်း သိခဲ့ရပါတယ်။

ထောင့်ဖြတ်အတိုင်းအတာအရ 293.37mm ဖြစ်တာကြောင့် တက်ဘလက်ရဲ့ မျက်နှာပြင်ဟာ ၁၀ လက်မဝန်းကျင်ရှိမယ်လို့ ဆိုနိုင်ပါတယ်။ FCC ကတစ်ဆင့် သိနိုင်တဲ့ Galaxy Tab A7 ရဲ့ နောက်ထပ်အချက်အလက်တစ်ခုကတော့ ကျောဘက်ကင်မရာ တပ်ဆင်ထားတယ်ဆိုတာပါပဲ။ တပ်ဆင်ထားတဲ့ကင်မရာရဲ့ အသေးစိတ်အချက်အလက်ကိုတော့ အခုထိ မသိရသေးပါဘူး။

Ref: Gizmochina