Galaxy Tab S6 5G ကို မိတ်ဆက်ခဲ့ပြီး နှစ်ဝက်လောက်အကြာမှာတော့ Samsung က Flagship Tablet အသစ်တွေကို မိတ်ဆက်ဖို့ အသင့်ဖြစ်နေပါပြီ။ လာမယ့်ဩဂုတ် ၅ ရက်နေ့မှာ ကျင်းပမယ့် Unpacked Event မှာ Note20 Series နဲ့အတူ မြင်ရနိုင်ပါတယ်။

ဒီစီးရီးမှာ Galaxy Tab S7 နဲ့ S7+ မော်ဒယ်နှစ်မျိုးပါဝင်မှာဖြစ်ပြီး Display အရွယ်အစား မတူပေမယ့် S6 မှာပါတဲ့ 10.5” ထက်တော့ နှစ်ခုလုံး ပိုကြီးမှာပါ။ ဒါ့အပြင် Samsung Tablet တွေထဲမှာ Refresh Rate အမြင့်စားပါလာတဲ့ ပထမဆုံး ထုတ်ကုန်တွေ ဖြစ်လာဖို့ရှိပြီး 120Hz Refresh Rate ကိုမြင်ရမှာဖြစ်ပါတယ်။

Galaxy Tab S7+ ဟာ နှစ်ခုထဲမှာ ပိုကြီးတဲ့ 12.4” AMOLED Display ပါဝင်ပြီး Tab S7 မှာတော့ 11” LTPS LCD Panel အသုံးပြုလာမှာပါ။ နှစ်ခုလုံးမှာ Note20 ဖုန်းတွေလို 9ms Latency နဲ့ S Pen Input ထောက်ပံ့မှုပါပါတယ်။ ဒီလို လျှင်မြန်တဲ့ တုံ့ပြန်မှုကြောင့် စာရွက်ပေါ်မှာ စာရေးနေသလို ခံစားရစေမယ်လို့လည်း ဆိုပါတယ်။

Samsung ရဲ့ Flagship Tablet အသစ်နှစ်ခုလုံးဟာ အသစ်စက်စက် Snapdragon 865+ ချစ်ပ်ဆက်ကို အသုံးပြုလာမယ့် ပထမဆုံး Tablet ဆိုလည်း မမှားပါဘူး။ ဒါကို 6GB LPDDR5X RAM နဲ့တွဲထားပြီး 128GB Storage ပါဝင်မှာပါ။ 5G ဗားရှင်းမှာ 256GB Storage ထိ ပါမှာဖြစ်ပြီး RAM လည်း ပိုများမယ်လို့ ဆိုပါတယ်။

ပိုသေးတဲ့ Tab S7 မှာ 7,040mAh ဘက္ထရီ အသုံးပြုထားပြီး S7+ မှာတော့ 10,090 mAh ကို မြင်ရမှာပါ။ နှစ်ခုလုံးမှာ 45W အားသွင်းစနစ်ထိ ထောက်ပံ့ပေးပေမယ့် 15W Charger ကိုသာ ထည့်ပေးထားမှာ ဖြစ်ပါတယ်။ S7 ရိုးရိုးမှာ 495g အလေးချိန်နဲ့ 6.34mm အထူ ရှိပြီး S7+ ဗားရှင်းကတော့ ပြောင်းပြန် 590g နဲ့ 5.7mm ဖြစ်ပါတယ်။

သူတို့ရဲ့နောက်ဘက်မှာ Dual-camera တွေပါဝင်ပြီး 13MP + 5MP Ultrawide Sensor တွေဖြစ်ပါတယ်။ ရှေ့ဘက်မှာ 8MP ဆဲလ်ဖီးကင်မရာတစ်လုံးစီ ထည့်သွင်းထားပါတယ်။ Galaxy Tab S7 စီးရီးရဲ့ စျေးနှုန်းနဲ့ ထွက်ရှိရက်ကိုတော့ မသိရသေးပါဘူး။

Ref – GSMArena