Samsung ဟာ အခုချိန်ထိ Android Tablet တွေ ထုတ်လုပ်နေဆဲ ကုမ္ပဏီ အနည်းငယ်ထဲက တစ်ခု ဖြစ်ပါတယ်။ အခုတော့ သူတို့ရဲ့ Unpacked Event ကနေတဆင့် Tab S7 တက်ဘလက် အသစ်နှစ်ခုကို မိတ်ဆက်လိုက်ပြီး Tablet တွေထဲမှာ ထူးထူးခြားခြားလို့ ဆိုရမယ့် 120Hz Refresh Rate နဲ့အတူ Snapdragon 865+ Flagship ချစ်ပ်ဆက်အသစ်၊ S Pen ထောက်ပံ့မှုတွေ ပါဝင်ပါတယ်။

Samsung Galaxy Tab S7+

Samsung Galaxy Tab S7+ ဟာ နှစ်ခုထဲမှာ ပိုကြီးတဲ့ ဗားရှင်းဖြစ်ပြီး 12.4” AMOLED Display ပေါ်မှာ 2,800 x 1,752p Resolution နဲ့ 420 Nit Brightness ပမာဏ ပါဝင်တယ်။ Fingerprint Reader ကိုလည်း Display ထဲမှာပဲ ထည့်သွင်းထားပါတယ်။

Tablet အသစ်ဟာ အတော်လေး ပါးလွှာပြီး 5.7mm သာ ရှိပါတယ်။ ဒါပေမယ့် 10,090 mAh ဘက္ထရီကြီးက ဗီဒီယို ဆက်တိုက်ကြည့်ရင်တောင် ၁၆ နာရီထိ ခံမှာပါ။ 45W Fast Charging လည်း ပါဝင်ပေမယ့် အပြည့်အဝ အသုံးချဖို့တော့ Charger ကို သက်သက် ထပ်ဝယ်ရမှာ ဖြစ်ပါတယ်။

Tab S7+ အတွင်းမှာ အသစ်စက်စက် Snapdragon 865+ ချစ်ပ်ဆက် အသုံးပြုထားတာကြောင့် အခုနှစ် အစောပိုင်းက ထွက်ထားတဲ့ SD855+ နဲ့ Tab S6 5G ထက်လည်း အနည်းငယ် ပိုသာတဲ့ စွမ်းဆောင်ရည်ကို ပေးမှာပါ။ သူ့ကို Wi-Fi Only, LTE နဲ့ 5G ဆိုပြီး သုံးမျိုး ရွေးချယ်နိုင်မှာဖြစ်သလို Auto Hotspot ကြောင့် အခြား Galaxy ဟန်းဆက်တွေနဲ့ အလိုအလျှောက် Tether လုပ်ကာ နက်ဝပ်မျှဝေသုံးစွဲနိုင်ပါသေးတယ်။

မန်မိုရီက 6GB RAM/128GB Storage နဲ့ 8/256GB ဆိုပြီး နှစ်မျိုး ရရှိနိုင်မှာပါ။ နောက်ဘက်မှာ ကင်မရာ နှစ်လုံး ပါဝင်ပြီး 13MP + 5MP Ultrawide တို့ဖြစ်ကာ ရှေ့ဘက်မှာ 8MP ဆဲလ်ဖီးကင်မရာ တစ်လုံး ပါဝင်ပါတယ်။

Galaxy Tab S7+ အတွက် စျေးနှုန်းတွေကတော့ 6/128 (Wi-Fi) ဗားရှင်းကို ယူရို ၉၀၀ (မြန်မာငွေ ၁၄ သိန်းခွဲ)၊ 8/256GB ဗားရှင်းကို ယူရို ၉၈၀ (မြန်မာငွေ ၁၅ သိန်း ၈ သောင်း) နဲ့ 5G မော်ဒယ်နှစ်ခုအတွက် ယူရို ၁၁၀၀ (မြန်မာငွေ ၁၇ သိန်း ၈ သောင်းနီးပါး)၊ ယူရို ၁၁၈၀ (မြန်မာငွေ ၁၉ သိန်း) အသီးသီး ကျသင့်မှာပါ။

Samsung Galaxy Tab S7

Tab S7 ကတော့ Plus မော်ဒယ်ရဲ့ စျေးပိုချိုတဲ့ ဗားရှင်းလို့ပဲ ဆိုရမှာပါ။ ပိုသေးငယ်တဲ့ 11” LTPS TFT Display ပါဝင်ပြီး ပိုမိုတောက်ပတဲ့ 500 Nits နဲ့ ဖြစ်ပါတယ်။ Refresh Rate ကတော့ 120Hz ပဲဖြစ်ပြီး 9ms Latency သာ ရှိတဲ့ S Pen အသစ်လည်း ပါဝင်မြဲပါ။

မျက်နှာပြင် သေးငယ်တဲ့အတွက် အချိုးအစားလည်း လိုက်သေးငယ်သွားသလို ပိုလည်း ပေါ့ပါးတာကြောင့် 500g ခန့်သာ လေးပါတယ်။ ဘက္ထရီကလည်း 7,040 mAh ထိ လျော့ချထားပေမယ့် ဗီဒီယို ဆက်တိုက် ၁၅ နာရီထိ ကြည့်ရှုနိုင်သေးတာကြောင့် Plus မော်ဒယ်ထက် တစ်နာရီပဲ နည်းတာပါ။

ကျန်တဲ့ ချစ်ပ်ဆက်၊ မန်မိုရီနဲ့ ကင်မရာ အပိုင်းတွေမှာတော့ Plus မော်ဒယ်နဲ့ အားလုံး အတူတူပါပဲ။ Fingerprint Reader ကို ဘေးဘက်မှာ ထည့်သွင်းထားပါတယ်။

Samsung Galaxy Tab S7 Vanilla မော်ဒယ်အတွက် စျေးနှုန်းတွေကတော့ 6/128 GB (Wi-Fi) မော်ဒယ်ကို ယူရို ၇၀၀ (မြန်မာငွေ ၁၁ သိန်း ၃ သောင်းခန့်) နဲ့ 8/256GB (Wi-Fi) အတွက် ယူရို ၇၈၀ (မြန်မာငွေ ၁၂ သိန်းခွဲ) ကျသင့်ကာ 6/128GB LTE မော်ဒယ်အတွက် ယူရို ၈၀၀ (ကျပ် ၁၃ သိန်းနီးပါး) နဲ့ 8/256GB LTE ဗားရှင်းက ယူရို ၈၈၀ (ကျပ်ငွေ ၁၄ သိန်း ၂ သောင်းခန့်) ကျသင့်မှာ ဖြစ်ပါတယ်။

Ref – GSMArena