Samsung ရဲ့ မျိုးဆက်သစ် Foldable တွေအကြောင်း သတင်းယိုစိမ့်မှုဖြစ်လာတာ နှစ်လလောက်ရှိနေပါပြီ။ ပေါက်ကြားမှုအတော်များများမှာ Fold နဲ့ Flip နှစ်မျိုးစလုံးအတွက် ပြန်ပြီးဒီဇိုင်းထုတ်ထားတဲ့ ပတ္တာ (Hinge) အကြောင်းလည်း ပါဝင်ပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က ရာနှုန်းပြည့်နီးပါးမှန်ကန်လေ့ရှိတဲ့ ပေါက်ကြားသတင်းတွေယူဆောင်လာတတ်တဲ့ Ice Universe က Samsung Galaxy Z Flip4 အတွက် Cover ပုံတွေမျှဝေခဲ့ပြီး ဒါတွေဟာ ပြန်ပြီးဒီဇိုင်းထုတ်ထားတဲ့ Hinge mechanism ကို ရည်ညွှန်းတယ်လို့ ဆိုခဲ့ပါတယ်။

အခုတစ်ခါ Ice Universe က နောက်ထပ် အသေးစိတ်အချက်အလက်တွေကို ဖြည့်စွက်လာပါတယ်။ ပတ္တာဒီဇိုင်းသစ်ဟာသေချာကြောင်း (ပိုသေးလာမဲ့ Hinge ကိုဆိုလို)၊ Z Flip4 ပေါ်က မျက်နှာပြင်ခေါက်ရိုးကြောင်းဟာ Z Flip3 ထက် ပိုပြီးတိမ်ကြောင်း ပြောလာတာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲမှုနဲ့ပတ်သက်ပြီး “လူအများစုက ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်” လို့လည်း Leakster က ဆိုပါတယ်။

ခေါက်ရိုးကြောင်းဟာ Foldable ဖုန်းတွေရဲ့ ပုံမှန်အမြင်အာရုံအတွက် အနာအဆာတစ်ခုလို ဖြစ်နေတာပါ။ မျက်နှာပြင်ကို ကြိမ်ဖန်များစွာ ခေါက်လိုက်၊ ဖြန့်လိုက်လုပ်တဲ့အခါ ခေါက်ရိုးကြောင်းက ပိုပြီးထိခိုက်လာသလို၊ ပျက်စီးလွယ်လာတတ်ပါတယ်။ Samsung အနေနဲ့ မျက်နှာပြင်နည်းပညာသစ်နဲ့အတူ ဒီပြဿနာကို ဖြေရှင်းဖို့ကြိုးစားထားကြောင်း သတင်းတွေလည်းထွက်ရှိပြီးသား ဖြစ်ပါတယ်။

Ref: GSM Arena