Samsung Galaxy Z Fold2 ကို တရားဝင် ကြေညာလိုက်ပြီး အရင်မျိုးဆက်ထက် အဘက်ဘက်က တိုးတက်လာတာ ကျေနပ်စရာပါ။ အပြင်ဘက် Cover မျက်နှာပြင်ဟာ ၄.၆ လက်မ ကနေ ၆.၂ လက်မအထိ ကြီးလာပြီး 2260x816p Super AMOLED အမျိုးအစား ဖြစ်ပါတယ်။ အတွင်းဘက်မှာ ၇.၆ လက်မ 2208x1768p Dynamic AMOLED မျက်နှာပြင်နဲ့ 120Hz Refresh Rate ပါလာပြီး Ultra Thin Glass (UTG) နဲ့ ဖုံးအုပ်ထားပါတယ်။

Hinge ကို အရင်မျိုးဆက်ထက် ပိုကောင်းအောင် ဖန်တီးထားပြီး တတိယမျိုးဆက် ဒီဇိုင်း ဖြစ်ပါတယ်။ Samsung က Hideaway Hinge လို့ ခေါ်ပြီး ၇၅ နဲ့ ၁၁၅ ဒီဂရီကြားမှာ ဖုန်းကို ထောင်ထားလို့ရပါတယ်။ ကိုယ်ထည်နဲ့ Hinge အဆက်မှာ ဖုန်နဲ့ အမှုန်အမွှားတွေ မဝင်အောင် ကာကွယ်ပေးနိုင်ပြီး Gap က Z Flip ထက်တောင် သေးသွားပါတယ်။ Metallic Silver, Metallic Gold, Metallic Red နဲ့ Metallic Blue စတဲ့ Hinge အရောင်တွေ ထုတ်လုပ်ထားပါတယ်။

ပင်မ ကင်မရာ ၃ လုံးကို မျက်နှာပြင် မရှိတဲ့ ဘက်ခြမ်းမှာ ထည့်သွင်းထားပြီး 12MP Main (Dual Pixel Autofocus , OIS ) , 12MP Telephoto (2x Zoom) နဲ့ 12MP Ultrawide တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာ ၂ လုံးတပ်ဆင်ထားပြီး 10MP ၁ လုံးကို Cover မျက်နှာပြင်နဲ့ နောက်ထပ် 10MP ၁ လုံးကို ပင်မ မျက်နှာပြင်ရဲ့ ညာဘက်ခြမ်းမှာ ထည့်သွင်းထားပါတယ်။ Cover မျက်နှာပြင်ကို Viewfinder လိုလည်း သုံးနိုင်ပြီး ပင်မ ကင်မရာ ၃ လုံးထဲက ၁ လုံးနဲ့ ဆဲလ်ဖီး ဆွဲနိုင်ပါသေးတယ်။

Snapdragon 865+ , 12GB RAM နဲ့ 256GB UFS 3.1 Storage တွေ ထည့်သွင်းထားပြီး 25W Wired Charging ပါတဲ့ 4,500mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။ Fast Wireless Charging နဲ့ Wireless PowerShare တွေ ထည့်ထားပါတယ်။ 5G ထောက်ပံ့ထားပြီး ဒီလ ၁၈ ရက်နေ့မှာ နိုင်ငံပေါင်း ၄၀ လောက်မှာ ရောင်းမှာပါ။ 256GB Version ကို ၁,၉၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ၂၆ သိန်းလောက်ရှိပါတယ်။  Mystic Black နဲ့ Mystic Bronze ၂ ရောင် ထုတ်လုပ်ထားပါတယ်။

Ref : gsmarena