Samsung Galaxy Z Fold4 ကို မိတ်ဆက်ဖို့ လအနည်းငယ်လိုနေသေးတယ်ဆိုပေမဲ့ သတင်းယိုစမ့်မှုတွေကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါပြီ။ မကြာသေးခင်ကပဲ Galaxy Z Fold4 ရဲ့ Case ထွက်ပေါ်လာပြီး ဖုန်းရဲ့ မျက်နှာပြင် Aspect Ratio အကြောင်းကို သိခဲ့ကြရပါတယ်။

အခုထပ်ပြီးထွက်လာတဲ့သတင်းက Galaxy Z Fold4 ရဲ့ အလေးချိန်အကြောင်း ဖြစ်ပါတယ်။ မျိုးဆက်သစ် Foldable မှာ အလေးချိန်ထက် ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေရှိနေတယ်ဆိုပေမဲ့လည်း အကယ်၍ ဒီသတင်းသာအမှန်ဖြစ်မယ်ဆိုရင် Galaxy Z Fold4 ဟာ ပြိုင်ဘက်ထက် စပါးမွှေးတစ်ထောက် အသာရသွားမယ်လို့ ဆိုနိုင်ပါတယ်။

Galaxy Z Fold4 ရဲ့ အလေးချိန်အကြောင်းကို သယ်ဆောင်လာသူကတော့ နာမည်ကျော် Leakster ဖြစ်တဲ့ Ice Universe ပဲ ဖြစ်ပါတယ်။ သူ့ရဲ့အဆိုအရ Galaxy Z Fold4 ဟာ 254 grams ပဲ ရှိပါလိမ့်မယ်။ ဒါဟာ လက်ရှိအပေါ့ပါးဆုံး Foldable ဖြစ်တဲ့ Mate Xs 2 ရဲ့ 255 grams ထက် မဆိုစလောက် ပေါ့သွားတယ်လို့ ဆိုနိုင်ပါတယ်။

ကနဦးသတင်းတွေမှာ Galaxy Z Fold4 ဟာ 258 grams ဒါမှမဟုတ် 260 grams လို့ဖော်ပြနေကြပေမဲ့ အကုန်လုံးကတော့ ကောလာဟလအဆင့်မှာပဲ ရှိနေကြတာ ဖြစ်ပါတယ်။ အလေးချိန်က ဒီလိုမျိုး Foldable တွေအတွက် ပြဿနာကြီးလားလို့မေးရင်း မဟုတ်ပါဘူးလို့ပဲ ဖြေရမှာပါ။ ဒါပေမဲ့ ကမ္ဘာ့အပေါ့ပါးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကတော့ ကုမ္ပဏီအတွက် မက်မောစရာမှတ်တမ်းတစ်ခု ဖြစ်ပါလိမ့်မယ်။

Ref: GSM Arena