Samsung ဟာ Flagship Series ဖုန်းတွေအနေနဲ့ Galaxy S22 Series ကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ်လယ်နောက်ပိုင်းမှာ Galaxy Z Fold4 Foldable ဖုန်းတွေကို မိတ်ဆက်ဖို့ စတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။

အခုနောက်ဆုံးသိရှိရတဲ့ သတင်းအရတော့ Samsung ဟာ Galaxy Z Fold4 အတွက် အဆင့်မြှင့်တင်မှုတွေအများအပြားပြုလုပ်နေတယ်လို့ သိရပြီး အထူးသဖြင့် Camera ပိုင်းကို Galaxy S22 Series ဖုန်းတွေလိုမျိုးကောင်းမွန်အောင် စီစဥ်နေတာဖြစ်ပါတယ်။ ဒါကြောင့် အခု မိတ်ဆက်လာမယ့် Galaxy Z Fold4 Foldable ဖုန်းတွေဟာ Camera ပိုင်းမှာပါ Flagship အဆင့်ရှိလာတော့မှာပါ။

ဘာကြောင့်လဲဆိုရင် Galaxy Z Fold4 ဖုန်းမှာ 3x Optical Zoom ပါဝင်တဲ့ 10MP Telephoto Sensor ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။ ဒါက လက်ရှိ Galaxy S22 Series ဖုန်းတွေမှာပါဝင်တဲ့ Telephoto Sensor နဲ့အတူတူပဲဖြစ်သလို ယခင် Galaxy Z Fold3 ဖုန်းမှာပါဝင်တဲ့ 2x Telephoto 12MP Sensor ကနေ အဆင့်မြှင့်တင်လာမှာဖြစ်ပါတယ်။

နောက်ထပ်သိရတဲ့ သတင်းတစ်ခုအရတော့ Samsung ဟာ Selfie Camera ပိုင်းကိုလည်း 10MP Sensor ကိုအဆင့်မြှင့်တင်လာမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခု Selfie Camera ကို အဆင့်မြှင့်တင်တာက Primary Foldable Display မှာ ထည့်သွင်းထားတဲ့ Under Display Camera ကို အဆင့်မြှင့်တင်မှာလား၊ ဒါမှမဟုတ် အရှေ့ဘက် Display မှာပါဝင်တဲ့ Selfie Camera လားဆိုတာကိုတော့ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ Galaxy Z Fold3 ဖုန်းမှာ ထည့်သွင်းခဲ့တဲ့ အရည်အသွေးပိုင်းမှာ သာမန်ပဲလို့ပြောနိုင်တဲ့ 4MP Under Display Camera ကို အဆင့်မြှင့်တင်လာနိုင်ခြေရှိနေပါတယ်။

တခြားသော Samsung Galaxy Z Fold4 စမတ်ဖုန်းနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်မသိရသေးပေမယ့် မိတ်ဆက်ဖို့အချိန်နီးစပ်လာတာနဲ့အတူ တခြားသောအချက်တွေကိုပါ သိရှိရမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena