Samsung ဟာ အိန္ဒိယဈေးကွက်ထဲမှာ Android 11 မောင်းနှင်ထားတဲ့ စမတ်ဖုန်းကို မကြာခင်မိတ်ဆက်ဖြန့်ချိတော့မယ်လို့ သတင်းထွက်လာပါတယ်။ သတင်းယိုစိမ့်မှုတွေအရတော့ ဒီစမတ်ဖုန်းဟာ Galaxy M စီးရီးအောက်ကပဲဖြစ်မယ်လို့ သိရပါတယ်။

ဒီယိုစိမ့်သတင်းရဲ့ရင်းမြစ်ကတော့ Android Police ရဲ့ Max Weinbach ဖြစ်ပြီး သူက အိန္ဒိယဈေးကွက်ထဲမှာ မထုတ်လွှတ်ရသေးတဲ့ Galaxy M စီးရီးသစ်ကို Android 11 နဲ့ မိတ်ဆက်လာမယ်လို့ တွစ်တာမှာ ဖော်ပြခဲ့တာပါ။ ဒီဖုန်းဟာ မော်ဒယ်နံပါတ် “SM-F127G” ဖြစ်ပြီး Snapdragon 460 Mobile Platform နဲ့လည်း ဖြစ်ပါတယ်။

ဒီနေရာမှာ မော်ဒယ်နံပါတ်အရ Galaxy F စီးရီးလို့ ပြောရမှာဖြစ်ပေမယ့် Max Weinbach ကတော့ Device ကို Galaxy M စီးရီး အောက်မှာလည်း ဖြန့်ချိမယ်လို့ ဆိုခဲ့တာပါ။ လက်တွေ့မှာလည်း Galaxy F41 ဟာ Galaxy M31 ထက် ကျောဘက်ကင်မရာတစ်လုံးလျော့နည်းတာကလွဲလို့ ကျန်တဲ့အစိတ်အပိုင်းက အတူတူဖြစ်တာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် လာမယ့် Galaxy M ကလည်း Galaxy F နဲ့ ကွာခြားချက်အနည်းငယ်ပဲ ရှိမယ်လို့ မျှော်လင့်ရပါတယ်။

ထုတ်လုပ်မှုနယ်ပယ်ထဲမှာ Flagship အချို့ကိုတောင် Android 10 နဲ့ပဲ တင်ပို့ရောင်းချနေချိန်မှာ Samsung အနေနဲ့ လာမယ့် Galaxy M စီးရီးဝင်ဖုန်းကို Android 11 နဲ့ တင်ပို့ရောင်းချတာကတော့ ယှဉ်ပြိုင်မှုအကြီးစားကို ဖန်တီးချင်တဲ့အဓိပ္ပါယ်သက်ရောက်စေပါတယ်။ ဒီဖုန်းကို ဘယ်အချိန်မှာကြေညာမယ်ဆိုတာကိုမသိရသေးပေမယ့်လည်း လာမယ့်ရက်သတ္တပတ်တွေမှာ အသေးစိတ်အချက်အလက်တွေ ထပ်ပြီးထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Gizmochina