Android အသုံးပြုသူအများစုဟာ Browser သုံးတဲ့အခါ Chrome, Opera စတာတွေကိုပဲ အများဆုံး အသုံးပြုလေ့ရှိကြပါတယ်။ Chrome ကတော့ Pre-install လည်း ဖြစ်တာကြောင့် ပိုပြီးသုံးစွဲသူများမယ်လို့ ယုံကြည်ရပါတယ်။ ဒီအတွက် OEMs တွေရဲ့ Browser တွေက ချောင်ထိုးခံထားရတာများပါတယ်။

Samsung Internet 15 ကလည်း ချောင်ထိုးခံထားရတဲ့ Browser တွေထဲကတစ်ခုလို့ဆိုရင် မှားမယ်မထင်ပါဘူး။ ဒါပေမဲ့ Samsung Browser ဟာ လုံခြုံရေးနဲ့ပတ်သက်တဲ့ တိုးတက်မှုတွေကိုယူဆောင်လာာခဲ့ပြီး Final version အဖြစ် ထုတ်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုက Samsung Internet ကို ဘယ်လောက်ထိသုံးစွဲလာကြမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

ဒီနှစ်ပိုင်းအတွင်းမှာ Privacy ဆိုတဲ့ဝေါဟာရဟာ အတော်လေးကို ကျယ်ကျယ်လောင်လောင်ပြောဆိုနေကြတာပါ။ Samsung ကလည်း ဒီလိုအသံကျယ်လောင်လာတဲ့ ဝေါဟာရနဲ့ပါတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ ဒါ ဟာ Samsung Internet 15 မှာ လုံခြုံရေးအဆင့်မြင့်တင်လာရတဲ့ ကြောင်းရင်းတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

Samsung ဟာ Anti-tracking technology ကို သူတို့ရဲ့ Browser သစ်မှာပါဝင်လာပြီး အသုံးပြုသူက ဘာတွေလုပ်နေတယ်ဆိုတာကို ခြေရာခံလိုက်လို့ရတော့မှာ မဟုတ်ပါဘူး။ ဒါဟာ Privacy အကြောင်း ကျယ်လောင်စွာအော်နေကြတဲ့ အသုံးပြုသူတွေအတွက်တော့ ဝမ်းသာစရာတစ်ခုဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် Browser သစ်ဟာ ပိုပြီးရှင်းလင်းတဲ့ အသုံးပြုမှုနဲ့ Search widget သစ်ကိုလည်း သယ်ဆောင်လာတာ တွေ့ရပါတယ်။

ဗားရှင်းသစ်ဟာ Chromium 90 engine ကို အခြေခံထားပါတယ်။ တစ်နည်းပြောရရင်တော့ Samsung Internet 14 မှာတွေ့ရတဲ့ Chromium 87 နဲ့နှိုင်းယှဉ်ရင် အတော်လေးတိုးတက်လာတဲ့ ဗားရှင်းလို့ ဆိုရမှာပါ။ ဗားရှင်းသစ်ဟာ Web APIs သစ်ကို ထောက်ပံ့ပေးပါတယ်။ Google ရဲ့ Cookies တွေကိုလည်း အခြားနည်းလမ်းသစ်နဲ့ ထောက်ပံ့ပေးပါတယ်။

Browser ဟာ Secret mode ကို Activated လုပ်ထားတာ မှတ်မိနေမှာဖြစ်ပါတယ်။ အကယ်၍ Incognito mode သုံးထားမယ်ဆိုရင်လည်း ရပါတယ်။ iOS ရဲ့ Safari မှာ ရရှိတဲ့ လုပ်ဆောင်ချက်နဲ့တူညီတယ်လို့လည်း ဆိုနိုင်ပါတယ်။ Samsung Internet 15 beta ဗားရှင်းကို လွန်ခဲ့တဲ့ လအနည်းငယ်က ထုတ်လွှတ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Final ဗားရှင်းကို ရရှိလာတာလည်း ဖြစ်ပါတယ်။

Ref: Android Police