Samsung ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက Exynos Chipset တွေအတွက် Custom CPU Core တွေ ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီအတွက် Galaxy S30 Series စမတ်ဖုန်းတွေမှာ ARM ဆီကနေ တိုက်ရိုက်ထုတ်လုပ်ထားတဲ့ CPU Core တွေကိုပဲ အသုံးပြုလာဖို့များနေပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ ARM နဲ့ ပူးပေါင်းမှုတွေထပ်ပြီး ပြုလုပ်သွားမှာဖြစ်ပြီး Samsung ဖုန်းတွေအတွက်ပဲ သီးသန့် CPU Chipset အသစ်ကို ထုတ်လုပ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ Chipset အသစ်ဟာ ARM ရဲ့ Cortex-X Core ကို အသုံးပြုလာမှာဖြစ်ပြီး ယခုနှစ်မှာ ထွက်ရှိထားတဲ့ Cortex-A78 Core အပြင် စမတ်ဖုန်းအများအပြားမှာ အသုံးပြုနေတဲ့ Cortex-A77 Core တွေထက်ပါ စွမ်းဆောင်ရည် ပိုကောင်းမွန်မှာဖြစ်ပါတယ်။

Samsung အနေနဲ့ အခုလိုမျိုး ARM နဲ့ ပူးပေါင်းလိုက်တာက လက်ရှိမှာ Qualcomm ကိုပါကျော်လွန်ပြီး နံပါတ် (၁) Android Application Processor (AP) ထုတ်လုပ်သူဖြစ်ဖို့အထိ ရည်ရွယ်ထားတာကြောင့်ဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိ Exynos Chipset တွေဟာ Qualcomm ရဲ့ Snapdragon Flagship Chipset တွေနဲ့ယှဥ်မယ်ဆိုရင် စွမ်းဆောင်ရည်နိမ့်နေသေးပေမယ့် မကြာခင်မှာတေ့ာ ပြောင်းလဲသွားနိုင်ပါတယ်။

အခုလိုမျိုး CPU ပိုင်းအတွက် ARM နဲ့ ပူးပေါင်းသလိုပဲ Graphics ပိုင်းမှာလည်း Samsung အနေနဲ့ Qualcomm ရဲ့ Adreno GPU တွေကို ယှဥ်ပြိုင်ဖို့အတွက် AMD နဲ့ ပူးပေါင်းထားတာလည်းဖြစ်ပါတယ်။ အဆိုပါ AMD ရဲ့ RDNA Architecture ကို အသုံးပြုထားတဲ့ GPU Core တွေကိုလည်း လာမယ့် ၂၀၂၁ ခုနှစ်မှာ စတင်မြင်တွေ့ရမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့်နှစ်မှာတော့ Samsung ရဲ့ ကိုယ်ပိုင် Chipset တွေက ဘယ်လောက်ထိ စွမ်းဆောင်ရည်တိုးတက်လာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Android Central