ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက ကျယ်ကျယ်လောင်လောင်သတင်းထွက်ခဲ့တာဟာ Samsung ရဲ့ 108MP ကင်မရာ အကြောင်းပါ။ ဒီလိုသတင်းတွေထွက်ပြီး သိပ်မကြာခင်မှာပဲ Galaxy S20 Ultra မှာ အမှန်တကယ် တွေ့မြင်လာကြရပါတယ်။ အခုထွက်လာတဲ့ ကောလာဟလမှာတော့ Sensor Size က ပိုပြီးတောင် ကြီးလာပြန်ပါတယ်။
ဒီတစ်ခါကောလာဟလကတော့ တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးက 150 megapixel Nonacell camera sensor ကို ထုတ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတာပါပဲ။ ဒီကင်မရာဆင်ဆာဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ စတုတ္ထလေးလပတ် ဝန်းကျင်လောက်မှာ ဈေးကွက်ထဲ ဖြန့်ချိနိုင်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။
150MP ဆိုရင်တော့ Megapixel အရေအတွက်အားဖြင့် ကုမ္ပဏီရဲ့ အကြီးမားဆုံး ကင်မရာဆင်ဆာ ဖြစ်လာပါလိမ့်မယ်။ လက်ရှိအခြေအနေအရ ပြောရမယ်ဆိုရင်လည်း အကြီးမားဆုံး စီးပွားဖြစ် ကင်မရာဆင်ဆာတစ်ခုအဖြစ် ဈေးကွက်ထဲမှာ ရပ်တည်နိုင်မယ့် အနေအထား ဖြစ်ပါတယ်။
Samsung ရဲ့ 150MP Nonacell camera sensor အကြောင်းကိုတော့ တွစ်တာမှာ Sleepy Kuma (@Kuma_Sleepy) ဆိုတဲ့အကောင့်က မျှဝေပေးထားတာပါ။ Kuma ရဲ့ တွစ်ထဲမှာ 150MP ကင်မရာဆင်ဆာအကြောင်းတင်မကဘဲ အခြား OEMs တွေက အသုံးပြုလာမယ့်အကြောင်းလည်း ပါဝင်နေပါတယ်။ ဒါပေမယ့် Kuma ကိုယ်တိုင်က (ကောလာဟလ) လို့ ရေးထားတာတော့ သတိပြုရမှာပါ။
Xiaomi ကလည်း ပြီးခဲ့တဲ့နှစ်ကလိုပဲ ဒီနှစ်မှာလည်း 150MP ဆင်ဆာသစ်ကို စတုတ္ထသုံးလပတ်ထဲမှာ အသုံးပြုမယ်လို့ ဆိုပါတယ်။ Vivo နဲ့ OPPO တို့ကလည်း 150MP ဆင်ဆာသစ်ကို သုံးမယ်ဆိုပေမယ့် ၂၀၂၁ ပထမသုံးလပတ်ထဲမှ ဖြစ်မယ်လို့ ဖော်ပြထားပါတယ်။ ဒီအမှတ်တံဆိပ်တွေဟာ ဆင်ဆာသစ်ကို Snapdragon 875 နဲ့ တွဲပြီး အသုံးပြုမယ်လို့လည်း ဆိုထားပါသေးတယ်။
Ref: Gizmochina