Samsung Electronics America ရဲ့ CEO ဖြစ်တဲ့ YH Eom က တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီဟာ အမေရိကန်မှာရှိတဲ့ သူတို့ရဲ့ အရောင်းဆိုင်တွေအားလုံးကို ယာယီပိတ်သိမ်းထားမယ်လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ကနေဒါမှာရှိတဲ့ Samsung အရောင်းဆိုင်တွေလည်း အလားတူ ယာယီပိတ်သိမ်းထားမယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကစတင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခံရပြီးနောက် အခုအချိန်မှာ ဥရောပတစ်ခွင် ပျံ့နှံ့နှုန်း များနေတာလည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ခံရတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံလည်း ပါဝင်လာပြီး နိုင်ငံရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍပေါင်းစုံရဲ့ ပုံမှန်လည်ပတ်မှုအချို့ ရပ်ဆိုင်းထားရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရောင်းဆိုင်တွေပိတ်သိမ်းတာဟာ Samsung အမှတ်တံဆိပ်တစ်ခုတည်းတော့ မဟုတ်ပါဘူး။ Apple လည်း ပိတ်ခဲ့ရပါတယ်။ အခြားအမှတ်တံဆိပ်တွေလည်း အလားတူဖြစ်ပါတယ်။ အချို့အမှတ်တံဆိပ်တွေကတော့ ကုန်ပစ္စည်းသစ်မိတ်ဆက်မှုကို Online Event အဖြစ်ပဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ပြောရရင်တော့ စမတ်ဖုန်းထုတ်လုပ်မှုလုပ်ငန်းတွေအားလုံးဟာ ဒီကပ်ရောဂါပျံ့နှံ့မှုအကြပ်အတည်းမှာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားလို ဖြစ်နေကြတာပါ။ Samsung အနေနဲ့လည်း မြေပြင်အရောင်းဆိုင်တွေကို ယာယီပိတ်ထားပေမယ့် Online ကတစ်ဆင့် ရောင်းဝယ်ဖောက်ကားမှုကတော့ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေဦးမှာပါ။

အခြေအနေအရ Samsung အနေနဲ့လည်း သူ့ရဲ့ ဝန်ထမ်းအချို့ကို “နေအိမ်ကနေသာ အလုပ်လုပ်ကိုင်တဲ့ပုံစံ” ပြောင်းလဲနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် Online ကတစ်ဆင့် ဝယ်ယူသူတွေအနေနဲ့ ကုန်ပစ္စည်းကို စိတ်ကြိုက်ကိုင်တွယ် စမ်းသပ်ပြီး ရွေးချယ်နိုင်ခွင့်တော့ ဆုံးရှုံးရပါတယ်။ တစ်နည်းပြောရရင်တော့ ဈေးဝယ်ထွက်တဲ့ အရသာ ဆုံးရှုံးရတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena