၂၀၂၅ ခုနှစ်ဟာ မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားတဲ့ စမတ်ဖုန်း ဘက်ထရီတွေ ထွက်ရှိလာတဲ့ နှစ်တစ်နှစ် ဖြစ်လာခဲ့ပါတယ်။ 7,000mAh နဲ့ 8,000mAh ဘက်ထရီတွေ ခေတ်စားလာတာကို မြင်တွေ့ခဲ့ရပြီး Honor ဆိုရင် အရင်က မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ 10,000mAh အမှတ်ကိုတောင် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒီတိုးတက်မှု အားလုံးနီးပါးကတော့ ဆီလီကွန်-ကာဗွန် (silicon-carbon) ဘက်ထရီ နည်းပညာကို ပြောင်းလဲအသုံးပြုလာတဲ့ တရုတ်ဖုန်း ကုမ္ပဏီတွေဆီကနေ လာတာဖြစ်ပါတယ်။ Samsung နဲ့ Apple တို့ကတော့ ဒီပြောင်းလဲမှုကို လက်ခံဖို့ သိသိသာသာ နှေးကွေးနေခဲ့ပါတယ်။

ဒါပေမဲ့ Samsung အနေနဲ့ ဘက်ထရီအကြီးစား အပြိုင်အဆိုင်ပွဲမှာ ကြာကြာ လက်ပိုက်ကြည့်နေတော့မှာ မဟုတ်ပါဘူး။

သတင်းပေးသူ တစ်ဦးကတော့ Samsung ရဲ့ SDI ဌာနဟာ စမတ်ဖုန်းတွေအတွက် ကြီးမားတဲ့ 20,000mAh dual-cell ဘက်ထရီကို စမ်းသပ်နေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဘာထူးခြားလဲဆိုရင် အဲဒီဘက်ထရီက ဆီလီကွန်-ကာဗွန် နည်းပညာကို အခြေခံထားတယ်လို့ သိရပါတယ်။

ဒီဒီဇိုင်းမှာ မတူညီတဲ့ အရွယ်အစားရှိတဲ့ ဆဲလ်နှစ်ခုကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဆဲလ်တစ်ခုက 6.3mm အထူမှာ 12,000mAh ပါဝင်ပြီး ဒုတိယတစ်ခုကတော့ 4mm အထူရှိပြီး 8,000mAh ထပ်ပေါင်းထည့်ထားပါတယ်။ နှစ်ခုပေါင်းလိုက်ရင်တော့ လူစိတ်ဝင်စားမှုများစေမယ့် 20,000mAh ပမာဏကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ဒီအချက်မှာ အထူးစိတ်ဝင်စားစရာ ကောင်းတာကတော့ 12,000mAh ဆဲလ်တစ်ခုတည်းနဲ့တင် Honor ရဲ့ Win စီးရီး ဖုန်းတွေမှာပါတဲ့ 10,000mAh ဘက်ထရီတွေကို ကျော်လွန်နေပြီ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် Samsung ဟာ လက်ရှိ “အလွန်အမင်း များပြားတယ်” လို့ သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်တဲ့ ဘက်ထရီတွေကို စမ်းသပ်နေတာ ဖြစ်နိုင်ပါတယ်။

သတင်းပေးသူရဲ့ အဆိုအရ ဒီ 20,000mAh အပြည့်ပါတဲ့ စနစ်ဟာ screen-on time ၂၇ နာရီအထိ ပေးစွမ်းနိုင်ပြီး တစ်နှစ်ကို အားသွင်းအကြိမ်ရေ ၉၆၀ ခန့်အထိ ခံနိုင်ရည်ရှိမယ်လို့ ဆိုပါတယ် (စာရွက်ပေါ်မှာ တွက်ချက်မှုအရပေါ့)။

ဒါပေမဲ့ စမ်းသပ်မှုအတွင်းမှာ ဘက်ထရီ ဖောင်းလာတဲ့အတွက် ရေရှည်ခံမှုဆိုင်ရာ ပြဿနာတွေ ရှိနေပါတယ်။ ကာလတို စွမ်းဆောင်ရည် ကောင်းမွန်တယ်လို့ ဆိုပေမယ့် ရေရှည် တည်ငြိမ်မှုကတော့ မဖြေရှင်းနိုင်သေးပါဘူး။

နောက်ထပ် သတင်းရင်းမြစ်တစ်ခုကတော့ 8,000mAh ဆဲလ်ဟာ စမ်းသပ်ပြီးနောက် 4mm ကနေ 7.2mm အထိ ဖောင်းလာတယ်လို့ ဆိုပြီး ဒါဟာ စမတ်ဖုန်း အသုံးပြုမှုအတွက် အန္တရာယ်ရှိတဲ့ လက္ခဏာ တစ်ရပ် ဖြစ်ပါတယ်။

ပုံမှန်လိုပါပဲ၊ ဒီသတင်းအချက်အလက်ကိုတော့ အပြည့်အဝ ယုံကြည်လို့ မရသေးပါဘူး။

Ref : gizmochina