Samsung ဟာ အခုအချိန်မှာ Huawei ကို ပြန်လည်ကျော်တက်ပြီး တမ္ဘာလုံးရဲ့ စမတ်ဖုန်းစျေးကွက် နံပါတ် (၁) နေရာကို ရယူထားပြီဖြစ်ပါတယ်။ အခု Analyst ကုမ္ပဏီတစ်ခုဖြစ်တဲ့ Canalys ကနေ ထုတ်ပြန်လိုက်တဲ့ Report အရ Samsung က Europe မှာလည်း Huawei ကို ကျော်တက်ပြီး စျေးကွက်ပထမနေရာကို ရရှိနေပြီဖြစ်ပါတယ်။

အဆိုပါ Report ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် တတိယ ၃ လပတ်အတွက်ဖြစ်ပြီး Samsung ဟာ စျေးကွက်ရာခိုင်နှုန်း ၃၄ ရာခိုင်နှုန်းနဲ့ ပထမနေရာကို ရရှိနေတာလည်းဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Apple နဲ့ Xiaomi တို့ကနေ စျေးကွက်ရဲ့ ၁၉ ရာခိုင်နှုန်းကိုယ်စီနဲ့ ဒုတိယ နဲ့ တတိယနေရာကို ရယူထားတာကိုလည်းတွေ့ရပါတယ်။

Huawei အနေနဲ့ကတော့ ယခင်တုန်းက အောင်မြင်မှုရရှိခဲ့တဲ့ Europe စျေးကွက်မှာတောင် စျေးကွက်ရဲ့ ၁၄ ရာခိုင်နှုန်းပဲ ရယူထားနိုင်ပြီးတော့ စတုတ္ထနေရာကို ကျဆင်းသွားပြီဖြစ်ပါတယ်။ ဒါက မနှစ်တုန်းကနဲ့ ယှဥ်မယ်ဆိုရင် ၃၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာလည်းဖြစ်ပါတယ်။

Samsung အနေနဲ့လည်း မနှစ်ကနဲ့ ယှဥ်ရင် ၃ ရာခိုင်နှုန်းနဲ့ Apple ကလည်း ၉ ရာခိုင်နှုန်းခန့် အသီးသီးတိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့် Xiaomi အနေနဲ့ မနှစ်တုန်းကထက် ၉၁ ရာခိုင်နှုန်းအထိ ရောင်းအားထိုးတက်လာခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၀ နောက်ဆုံး ၃ လပတ်မှာ Apple ကိုတောင် ကျော်တက်နိုင်ဖွယ်ရှိနေပါတယ်။

 

ဘာပဲဖြစ်ဖြစ် အခုအတိုင်းဆက်သွားမယ်ဆိုရင် Samsung အနေနဲ့ စျေးကွက်ပထမနေရာကို ဆက်လက်ရယူထားနိုင်မယ်ဆိုပေမယ့် Xiaomi ကနေ ဆက်တိုက်ကို ဖိအားပေးလာဖို့များနေပါပြီ။

Ref – Gizmo China