ဒီနေ့ခေတ် စမတ်ဖုန်းလောကမှာ Foldable စမတ်ဖုန်းလို့ပြောလိုက်တာနဲ့ Samsung ကို တွဲလျက်မြင်ရလောက်အောင်ပဲ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးက အောင်မြင်မှုရရှိထားတာလို့ ဆိုရပါမယ်။ Samsung ရဲ့ Foldable ဖုန်းတွေဟာ နည်းပညာနဲ့ ဒီဇိုင်းပိုင်း ဆန်းသစ်သလောက် ဈေးနှုန်းကလည်း ကြီးမြင့်ပါတယ်။

Samsung ဟာ Galaxy Fold, Galaxy Z Fold 2 5G, Galaxy Z Flip နဲ့ Galaxy Z Flip 5G ဆိုပြီး Foldable အမျိုးအစား လေးမျိုးကို ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။ Galaxy Z Fold 2 5G နဲ့ Galaxy Z Flip 5G တို့ကိုတော့ လာမယ့်လမှာ ဖြန့်ချိမယ်လို့ မျှော်လင့်ရပါတယ်။ ဒီ Foldable စမတ်ဖုန်းတွေဟာ ဈေးနှုန်းအားဖြင့် မြင့်မားတဲ့အတွက် သုံးစွဲသူ အများစုက လက်လှမ်းမမီတဲ့ နေရာမှာရှိနေတာပါ။

ဒါကြောင့် Samsung က ဈေးနှုန်းချိုသာတဲ့ Foldable စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေလည်း မကြာခဏဆိုသလို ကြားနေ၊ မြင်နေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းတုန်းက ဈေးနှုန်းချိုသာတဲ့ Galaxy Fold Lite ဖြန့်ချိချိန်ကို ၂၀၂၁ ဆီရွှေ့ဆိုင်းလိုက်တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

အခု SamMobile ကနေ ထပ်ပြီးထွက်လာတဲ့သတင်းမှာတော့ မော်ဒယ်နံပါတ် SM-F415 နဲ့ ဟန်းဆက်ဟာ ထုတ်လုပ်မှုဖြစ်စဉ်ဆီသွားဖို့ လုပ်ဆောင်နေတဲ့ လမ်းကြောင်းပေါ်မှာရှိနေတယ်လို့ ဆိုပါတယ်။ SM-Fxxx ဟာ Galaxy Z စီးရီးဟန်းဆက်တွေအတွက် အသုံးပြုတဲ့ ကုဒ်နံပါတ်ဖြစ်ပါတယ်။

ဒါ့အပြင် ဒီဟန်းဆက်ဟာ 64GB နဲ့ 128GB သိုလှောင်မှုပမာဏ နှစ်မျိုးရှိတယ်လို့လည်း ဆိုထားပါသေးတယ်။ ကံမကောင်းစွာနဲ့ပဲ အခြားအချက်အလက်တွေနဲ့ သက်သေပြစရာအထောက်အထားကတော့ ရှိမနေခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဈေးကွက်နဲ့ အသုံးပြုသူတွေရဲ့တောင်းဆိုချက်အရ Foldable ဖုန်းတွေလည်း တစ်ချိန်မှာ ဈေးနှုန်းလျော့ကျလာရမှာဖြစ်တဲ့အတွက် ဘယ်လောက်ထိ လျော့ကျသွားပြီး၊ ဘယ်လောက်ထိ ဈေးနှုန်းချိုသာတဲ့ Foldable ဖုန်းတွေကို မြင်လာရမလဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref: Gizmochina