တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung ဟာ ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ Galaxy Tab S6 Lite လိုမျိုးပဲ Upper Mid-range တက်ဘလက်သစ်တစ်မျိုး ထုတ်လုပ်ဖို့ ဆောင်ရွက်နေကြောင်း အတွင်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး SamMobile က ရေးသားဖော်ပြခဲ့ပါတယ်။

ဒီ တက်ဘလက်သစ်ကို Galaxy Tab S7 Lite ဒါမှမဟုတ် Galaxy Tab S8e တစ်မျိုးမျိုးဖြစ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။ တက်ဘလက်သစ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပေမယ့် မော်ဒယ်နံပါတ်နဲ့ အမျိုးအစားအချို့ကိုတော့ သိရှိရပြီ ဖြစ်ပါတယ်။

တက်ဘလက်သစ်ကို Wi-Fi, LTE နဲ့ 5G ဆိုပြီး အမျိုးအစားခွဲခြားထားသလို၊ မော်ဒယ်နံပါတ်တွေကလည်း M-T730, SM-T735, နဲ့ SM-T736B / SM-T736N စသဖြင့် အသီးသီးရှိနှင့်ပြီးဖြစ်ကြောင်း သတင်းရင်းမြစ်တွေကတစ်ဆင့် သိရပါတယ်။ ဒီမော်ဒယ်နံပါတ်တွေက Galaxy Tab S7 Lite နဲ့ အမှန်တကယ် သက်ဆိုင်မှုရှိ၊ မရှိကိုလည်း ခိုင်လုံတဲ့သက်သေမပြနိုင်သေးပါဘူး။

အသေးစိတ်အချက်အလက်တွေ ပျောက်ကွယ်နေတဲ့အပြင်၊ ပိုပြီးရှုပ်ထွေးစေတာက Samsung ဟာ Galaxy Tab S7 Lite/ Tab S8e အပြင် နောက်ထပ်မူကွဲတွေဖြစ်တဲ့ Plus ဒါမှမဟုတ် XL အမျိုးအစားတွေကိုလည်း ထုတ်လုပ်နိုင်တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အကယ်၍ ဒီမော်ဒယ်ကို ဖြန့်ချိဖို့စီစဉ်ထားတယ်ဆိုရင်လည်း Standard Lite အမျိုးအစားနဲ့ မျက်နှာပြင်အရွယ်အစား ကွာခြားတာကလွဲရင်၊ ကျန်တာတွေကတော့ အတူတူပဲ ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပထမနှစ်ဝက်မှာ Galaxy Tab S6 Lite ကို ဖြန့်ချိခဲ့ပါတယ်။ ဒီအစဉ်အလာအတိုင်းဆိုရင် Galaxy Tab S7 Lite အကြောင်းကို လာမယ့် လပိုင်းအတွင်းပိုပြီး သိရှိရမယ်လို့ မျှော်လင့်ရပါတယ်။ အခုအချိန်မှာတော့ တရားဝင်အထောက်အထားတွေကို တွေ့မြင်ရဖို့လည်း စောလွန်းနေသေးတာကြောင့် ကောလာဟလတွေကိုပဲ ကြားသိရဦးမှာ ဖြစ်ပါတယ်။

Ref: SamMobile