ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Samsung Galaxy S20 Ultra ရဲ့ 5,000mAh ဘက်ထရီကို 25W Fast charger နဲ့ ၅၉ မိနစ်အတွင်း အားအပြည့်သွင်းနိုင်ကြောင်း စမ်းသပ်ချက် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါက Galaxy S20 Ultra ရဲ့ ကောင်းသတင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားကုမ္ပဏီဟာ သူ့ရဲ့ထုတ်ကုန်နဲ့ပတ်သက်လာရင် ပိုကောင်းအောင် မွမ်းမံနေဖို့ အဆင်သင့်ပါပဲ။

Galaxy S20 Ultra ဟာ ကျောဘက်မှာ ကင်မရာလေးလုံး တပ်ဆင်ထားတာကို အားလုံးလည်းသိပြီးသား ဖြစ်မှာပါ။ အထူးသဖြင့် 108MP Nona Bayer sensor နဲ့ 48MP periscope camera တို့က Samsung Fan တွေအားလုံးအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာပဲ ဖြစ်ပါလိမ့်မယ်။ 100X zoom ကတော့ Galaxy S20 Ultra ရဲ့ အံ့အားသင့်စရာ အချက်တွေထဲက ထင်သာမြင်သာအရှိဆုံး အချက်လို့ ဆိုရမှာပါ။

ဒါပေမယ့် Samsung ကတော့ S20 Ultra ရဲ့ ပုံရိပ်အရည်အသွေးဟာ လုံလောက်တဲ့ကောင်းမွန်ခြင်း မရှိသေးဘူးလို့ ဆုံးဖြတ်ပြီး ပိုကောင်းအောင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးက Galaxy S20 Ultra ရဲ့ ပုံရိပ်အရည်အသွေးပိုင်းဆိုင်ရာ မြှင့်တင်မှုကို ဘာပြဿနာကြောင့် ပြုလုပ်ရသလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

“Galaxy S20 ဟာ အဆင့်မြင့် ကင်မရာစနစ်နဲ့ ဆန်းသစ်တီထွင်မှုရှိတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ကုမ္ပဏီအနေနဲ့ သုံးစွဲသူတွေကို အကောင်းဆုံးအတွေ့အကြုံတွေပေးနိုင်ဖို့ အဆက်မပြတ် ကြိုးစားနေပါတယ်။ ဒီကြိုးစားမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကင်မရာပိုင်းဆိုင်ရာကို ပိုပြီးကောင်းမွန်စေမယ့် Update တစ်ခုကို လုပ်ဆောင်နေပါတယ်” လို့ The Verge ကို ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ဘာတွေဘယ်လို ပြင်ဆင်ထားတယ်၊ ပုံရိပ်အရည်အသွေးက ဘယ်လောက်ထိ ပိုကောင်းလာမလဲဆိုတာကို ဆက်ပြီးစောင့်ကြည့်ကြရဦးမှာပါ။

Ref: GSM Arena