နာမည်ကျော် ဈေးကွက် သုတေသနအဖွဲ့အစည်း Counterpoint Research က ဒီနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း တောင်ကိုရီးယား စမတ်ဖုန်းဈေးကွက် စစ်တမ်းကို ထုတ်ပြန်လိုက်ပါတယ်။ Samsung က သူ့မိခင် နိုင်ငံမှာ ဘုရင်ဖြစ်ပြီး နံပါတ် ၁ ရောင်းအား အကောင်းဆုံး ဖြစ်နေပါတယ်။ နံပါတ် ၂ နဲ့ နံပါတ် ၃ နေရာကို Apple နဲ့ LG တို့ အသီးသီး သိမ်းပိုက်ထားပါတယ်။

Samsung ဟာ ဈေးကွက်ဝေစု ၆၇ ရာခိုင်နှုန်း ရထားပြီး အရင် ကွာတားထက် ၃ ရာခိုင်နှုန်း ရောင်းအားတိုးလာပါတယ်။ Apple ကတော့ ၁၉ ရာခိုင်နှုန်းပဲ ပိုင်ဆိုင်ထားပြီး မဆိုစလောက် ၁ ရာခိုင်နှုန်းပဲ တက်လာပါတယ်။ ၁၃ ရာခိုင်နှုန်း ရထားတာက နံပါတ် ၃ နေရာက LG ဖြစ်ပြီး ရောင်းအား မတက်လာဘဲ ၃ ရာခိုင်နှုန်း ကျသွားပါတယ်။

Samsung ဟာ တောင်ကိုရီးယားမှာ Galaxy A Series နဲ့ Galaxy S20 Series တွေ ရောင်းအားကောင်းတဲ့အတွက် နံပါတ် ၁ နေရာကို သိမ်းပိုက်ထားနိုင်တာပါ။ Samsung ရဲ့ ရောင်းအား အကောင်းဆုံး ဖုန်း ၁၀ လုံးထဲက ၅ လုံးဟာ Galaxy A Series တွေ ဖြစ်ပါတယ်။ Apple ရဲ့ တန်ဖိုးသင့် iPhone SE 2020 ကတော့ တောင်ကိုရီးယားမှာ ကွာတား ၂ အတွင်း ရောင်းအား အလန်းဆုံးပါ။

Galaxy A Series တွေဟာ ရောင်းအား အကောင်းဆုံး ဖြစ်တဲ့အတွက် ဒေါ်လာ ၄၀၀ အောက် ဖုန်းတွေဟာ စုစုပေါင်း ဖုန်း ရောင်းအားရဲ့  ၄၅ ရာခိုင်နှုန်း ရှိနေပြီး အရင်နှစ်ကထက် ၃၃ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့မှာ စွမ်းရည်မြင့် ဖုန်းတွေ ရောင်းအား အကောင်းဆုံး သမိုင်းကြောင်း ရှိခဲ့ပေမယ့် ကပ်ရောဂါကြောင့် စွမ်းရည်မြင့်ပေမယ့် ဈေးသိပ်မကြီးတဲ့ ဖုန်းတွေ ပိုရောင်းကောင်းလာတယ်လို့ Counterpoint Research ရဲ့ မေလ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယား စမတ်ဖုန်း ဈေးကွက်ဟာ ၂၀၂၀ ခုနှစ် ကွာတား ၂ မှာ အရင်ကွာတားထက် ၉ ရာခိုင်နှုန်း တက်လာပေမယ့် အရင်နှစ်ထက်တော့ ၈ ရာခိုင်နှုန်းကျသွားပါတယ်။

Ref : gizmochina