Samsung ရဲ့ Galaxy Z Fold4 ဟာ တရားဝင်မိတ်ဆက်ဖို့ နှစ်လလောက် လိုနေပါသေးတယ်။ ဒါပေမဲ့ ဖုန်းနဲ့ပတ်သက်တဲ့ သတင်းအတော်များများကတော့ ပေါက်ကြားနေပြီးဖြစ်ပါတယ်။ အခု နောက်ထပ်ထွက်ပေါ်လာတဲ့ Galaxy Z Fold4 အကြောင်းကတော့ 1TB ပမာဏနဲ့ဗားရှင်းလည်း ထွက်လာဖွယ်ရှိတယ်ဆိုတာပါပဲ။

1TB ဆိုတာဟာ Galaxy Z Fold3 ရဲ့ အများဆုံးသိုလှောင်မှုပမာဏထက် နှစ်ဆများတာကြောင့် ဖုန်းထဲမှာပဲ ဒေတာအမြောက်အများသိမ်းဆည်းချင်သူတွေအတွက်တော့ အကြိုက်တွေ့စေမယ်လို့ ယူဆရပါတယ်။ Galaxy Fold4 နဲ့ပတ်သက်ပြီး Samsung ဟာ ဈေးနှုန်းတွေကို ဘယ်လိုသတ်မှတ်ထားလဲ မသိရသေးပါဘူး။

ဒါပေမဲ့ Fold3 ရဲ့ ဈေးနှုန်းတွေကိုကိုးကားပြီး နှိုင်းယှဉ်ကြည့်ရင်တော့ အနီးစပ်ဆုံးဈေးနှုန်းကို ခန့်မှန်းနိုင်မှာပါ။ Fold3 ရဲ့ 512GB မော်ဒယ်ဟာ $1,899 နဲ့ စတင်ဖြန့်ချိခဲ့တာပါ။ ဒါကြောင့် 1TB မော်ဒယ်ဆိုရင်တော့ အနည်းဆုံး $1,999 လောက်ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် $2,049 ဒါမှမဟုတ် $2,099 အထိလည်း ဖြစ်သွားနိုင်ပါတယ်။

သိုလှောင်မှုပမာဏကလည်း အရေးပါတယ်ဆိုတဲ့အကြောင်းရင်းက Fold3 မှာ ထပ်ပြီးတိုးခဲ့စရာ MicroSD card slot မပါရှိလို့ပါပဲ။ သူ့ကိုဆက်ခံတဲ့ Fold4 မှာလည်း အလားတူပဲ ဖြစ်ဖွယ်ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် 1TB ဗားရှင်းဆိုတာဟာ ကောလာဟလ အဆင့်မှာပဲ ရှိနေပါသေးတယ်။ တိကျခိုင်လုံတဲ့ သက်သေအထောက်အထား မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ပေါက်ကြားမှုတွေအရတော့ Fold4 ဟာ Fold3 ထက် ပိုပြီးပေါ့ပါးမယ်လို့ သိရသလို၊ လက်ရှိအပေါ့ပါးဆုံး Foldable ဖြစ်တဲ့ Huawei Mate Xs 2 ထက်လည်း ပိုပြီးပေါ့ပါးမယ်လို့ သိရပါတယ်။ ကျန်တဲ့အချက်အလက်တွေကတော့ Snapdragon 8+ Gen 1 SoC နဲ့ 4,400mAh ဘက်ထရီ အသုံးပြုလာမယ်ဆိုတာပါပဲ။

Ref: GSM Arena