Samsung ဟာ Galaxy Note 20 Series ဖုန်းတွေကို လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုဆိုရင်လည်း Galaxy Note 20 Series ဖုန်းတွေနဲ့ ပတ်သက်ပြီးသတင်းတွေထွက်ပေါ်နေပြီး Specification နဲ့ Design တွေအကုန်လုံးကို သိရှိနေပြီလို့တောင်ပြောနိုင်ပါတယ်။

ဒါပေမယ့် အခုထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Samsung ဟာ Galaxy Note 20 Series ကို မိတ်ဆက်ပြီးခဲ့တဲ့အချိန်ကနေစတင်ပြီးတော့ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy Note 10 Series ဖုန်းရောင်းချမှုကို ရပ်ဆိုင်းသွားမယ်လို့ သိရပါတယ်။ ဒါကလည်း Galaxy Note 20 ရောင်းအားကို ပိုပြီးအာရုံစိုက်ချင်တာကြောင့်ဖြစ်မယ်လို့ ယူဆရပါတယ်။

လက်ရှိအချိန်မှာ Samsung ဟာ စမတ်ဖုန်းရောင်းအားတွေကျဆင်းနေတယ်လို့ပြောနိုင်ပြီးတော့ ၂၀၂၀ ပထမ နှစ်ဝက်မှာလည်း Huawei ကပါ ကျော်တက်ပြီး ကမ္ဘာ့အကြီးမားဆုံးစမတ်ဖုန်းထုတ်လုပ်သူနေရာကနေ ဆင်းပေးလိုက်ရပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Mid Range ဖုန်းတွေထဲမှာ ရောင်းအားကောင်းခဲ့တဲ့ Galaxy A51 လိုမျိုး စမတ်ဖုန်းကလည်း Apple iPhone SE ထွက်ရှိပြီးနောက်ပိုင်းမှာ ယှဥ်ပြိုင်နိုင်ခြင်းမရှိတော့ဘူးလို့တောင် ပြောလို့ရပါတယ်။

ပုံမှန်အားဖြင့် ဝယ်ယူသူတွေဟာ စမတ်ဖုန်းအသစ်တွေမိတ်ဆက်ပြီးတဲ့အချိန်မှာ Feature ပိုင်း သိသိသာသာတိုးတက်မှုမရှိဘူးဆိုရင် စျေးပိုသက်သာတဲ့ ယခင်နှစ်တုန်းက Model တွေကိုပဲ ဝယ်ယူလေ့ရှိကြပါတယ်။ Samsung အနေနဲ့ အခုလိုမျိုး Note 20 Series မိတ်ဆက်ပြီးတဲ့အချိန်မှာ Note 10 Series ရောင်းချမှုကို ရပ်ဆိုင်းလိုက်ပြီး ဖုန်းအသစ်တွေရောင်းချမှုကိုပဲ အာရုံစိုက်သွားဖွယ်ရှိနေပါတယ်။ Galaxy Fold အနေနဲ့လည်း Galaxy Z Fold 2 မိတ်ဆက်ပြီးတဲ့အချိန်မှာ အလားတူရောင်းချမှုကို ရပ်ဆိုင်းသွားမယ်လို့ ယူဆရပါတယ်။

Ref – Phone Arena