Samsung ကနေ မကြာခင်မှာ Galaxy S20 Series ဖုန်းတွေထဲမှာမှ စျေးအသက်သာဆုံးဖြစ်လာမယ့် Galaxy S20 FE ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Galaxy S20 FE နဲ့ ပတ်သက်ပြီး သတင်းတွေအများအပြားထွက်ပေါ်ခဲ့ဖူးသလို အခုလည်း Samsung Philippines ရဲ့ တရားဝင် Website ကနေ ဓါတ်ပုံတွေအပြင် Specification တချို့ကိုပါ တရားဝင်ပြသခဲ့လိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါ Samsung Philippines Website ကနေ ဖော်ပြခဲ့တဲ့ Galaxy S20 FE ရဲ့ အရောင်တွေကတော့ Cloud Navy နဲ့ Cloud Lavender တို့ပဲဖြစ်ပြီး ဖုန်းရဲ့ အရှေ့ဘက်၊ အနောက်ဘက်နဲ့ ဘေးဘက်ဓတ်ပုံတွေကို ဖော်ပြထားခဲ့တာဖြစ်ပါတယ်။

Galaxy S20 FE ဟာ Display အနေနဲ့ Flat OLED Display ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး Single Punch-hole Selfie Camera ပါဝင်မှာဖြစ်ပါတယ်။ နောက်ဖက်မှာကတော့ Triple Camera Setup ကို အသုံးပြုထားတာဖြစ်ပါတယ်။ Design ပိုင်းအရကြည့်မယ်ဆိုရင် မကြာသေးခင်တုန်းကမှမိတ်ဆက်ထားခဲ့တဲ့ Galaxy Note 20 ဖုန်းနဲ့ တော်တော်လေးကို ဆင်တူနေပါတယ်။

Galaxy Note 20 ဖုန်းနဲ့ အဓိကကွာခြားသွားမယ့်အချက်တွေကတော့ ဘေးဘောင်တွေက အနည်းငယ် Curved ဖြစ်တာနဲ့ S Pen ပါဝင်ခြင်းမရှိတာပဲဖြစ်ပါတယ်။ နောက်ကျောဘက်ကိုလည်း Galaxy Note 20 လိုမျိုးပဲ Glass အစား Polycarbonate ကိုပဲ အသုံးပြုလာမှာဖြစ်တယ်လို့ သိရပါတယ်။

Galaxy S20 FE ဟာ Model Number အနေနဲ့ကတော့ G780F လို့ သိရပြီးတော့ 128GB Storage ၊ Dual SIM Support တွေပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တခြားသော စျေးနှုန်းနဲ့ Specification တွေကိုတော့ အတိအကျသိရှိရခြင်းမရှိသေးပါဘူး။

Ref – Android Authority