Samsung ဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်ပိုင်းတုန်း က Galaxy Foldable ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy Z Fold3 နဲ့ Z Flip3 ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Foldable ဖုန်းအသစ်တွေဟာ Feature အသစ်တွေပါဝင်လာသလို စျေးနှုန်းအရလည်း ယခင်တုန်းကထက် ပိုပြီး စျေးသက်သာမှာဖြစ်ပါတယ်။

အထူးသဖြင့် Galaxy Z Flip3 Foldable ဖုန်းဆိုရင် စျေးနှုန်းအနေနဲ့ $999 နဲ့ ရောင်းချသွားမှာဖြစ်ပြီး တခြားသော Foldable မဟုတ်တဲ့ Flagship ဖုန်းတွေနဲ့တောင် စျေးအတူတူပဲလို့ ပြောနိုင်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Samsung Galaxy Z Fold3 ဆိုရင်လည်း S Pen Support အပါအဝင် Under Display Camera နည်းပညာတွေကိုပါ ထည့်သွင်းပေးထားပါသေးတယ်။

Samsung အနေနဲ့ အခုလိုမျိုး စျေးနှုန်းပိုသက်သာလာတဲ့အတွက်ကြောင့် ယခုနှစ်မှာ Foldable ဖုန်းတွေကို ရောင်းအားတက်လာမယ်လို့ ခန့်မှန်းထားတဲ့ပုံစံပါပဲ။ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့သတင်းအရတော့ Samsung ဟာ ယခုနှစ်မှာတင် Foldable ဖုန်းအလုံးရေ ၆.၅ သန်းအထိ ရောင်းချသွားဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

Samsung ဟာပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက Galaxy Fold နာမည်နဲ့ Foldable ဖုန်းကို စတင်ထုတ်လုပ်ခဲ့ပေမယ့် အလုံးရေ ၀.၇ သန်းပဲ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး အလုံးရေ ၆.၅ သန်းအထိရောင်းချရဖို့ ခန့်မှန်းထားတာက ယခင်နှစ်တွေထက် ပိုပြီးများပြားတဲ့ပမာဏတစ်ခုဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုနှစ်မှာဆိုရင် Samsung ဟာ Foldable ဖုန်းတွေကိုပဲ အာရုံစိုက်ချင်တဲ့အတွက် Galaxy Note Series အသစ်ကိုတောင် မိတ်ဆက်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်တမ်း Samsung က မှန်းထားသလို Foldable ဖုန်းတွေရောင်းအားကောင်းနိုင်မလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China