အခုဆိုရင် ကွန်ပျူတာတွေအတွက်ထုတ်ပေးထားတဲ့ Graphic Card တွေဟာ Nvidia အပြင် AMD ကပါ Ray Tracing နည်းပညာကို ထောက်ပံ့ပေးနေပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာဆိုရင် အမြင့်ပိုင်း Graphic Card တွေအပြင် Sony PlayStation 5 လိုမျိုး Console တွေမှာလည်း Ray Tracing ကို အသုံးပြုနေနိုင်ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း စမတ်ဖုန်းတွေထဲမှာတော့ လက်ရှိအချိန်အထိ Ray Tracing ကို Support ပြုလုပ်နိုင်တဲ့ Mobile Processor မရှိသေးဘူးဖြစ်ပါတယ်။ လာမယ့်နှစ်မှာ မိတ်ဆက်လာတော့မယ့် Samsung Flagship ဖုန်းတွေမှာပါဝင်တဲ့ Exynos 2200 Chipset ကတော့ ပထမဆုံးအနေနဲ့ Ray Tracing နည်းပညာကို ထောက်ပံ့ပေးနိုင်တော့မှာပါ။

အဆိုပါ Exynos 2200 Chipset မှာ Ray Tracing ကို ထောက်ပံ့ပေးနိုင်တာကလည်း AMD ရဲ့ RDNA2 Architecture ကို အခြေခံထားတဲ့ GPU ကို အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Exynos 2200 Chipset ရဲ့ Graphic ပိုင်းစွမ်းဆောင်ရည်ဟာ တခြားသောစမတ်ဖုန်းတွေထက် သိသိသာသာပိုကောင်းမှာကတော့ သေချာသွားပါပြီ။

Ray Tracing နည်းပညာဆိုတာကတော့ အဓိကအနေနဲ့ ဂိမ်းအတွင်းက Object တွေကို အလင်းရောင်ပြန်မှုကို အသေးစိတ်တွက်ချက်ဖော်ပြပေးနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပြီး ကြည့်လိုက်တာနဲ့ ပိုကောင်းတဲ့ရုပ်ထွက်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စွမ်းဆောင်ရည်ပိုင်းမှာ လိုအပ်ချက်မြင့်မားတာကြောင့် လက်ရှိ ကွန်ပျူတာ Graphic Card တွေထဲမှာတောင် Budget နဲ့ Mid Range Graphic Card တွေက အသုံးပြုနိုင်ခြင်းမရှိသေးဘဲ High End Graphic Card တွေမှာပဲ Support ပြုလုပ်သေးတာဖြစ်ပါတယ်။

အစောပိုင်းသတင်းတွေအရတော့ Samsung ရဲ့ Exynos 2200 Chipset မှာပါဝင်တဲ့ GPU ဟာ လက်ရှိအကောင်းဆုံး Mali GPU ထက်တောင် အနည်းဆုံး ၃၀ ရာခိုင်နှုန်းပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။ ကျန်တဲ့ CPU Performance အနေနဲ့လည်း Flagship အဆင့်ရှိနေမှာဖြစ်တာကြောင့် လာမယ့်နှစ် Galaxy S22 စမတ်ဖုန်းတွေက ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Ref – GSM Arena