Samsung ကုမ္ပဏီဟာ အချိန်တိုအတွင်းမှာ ဒုတိယမြောက် Foldable စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်တော့မှာ ဖြစ်ပြီး Foldable နည်းပညာထုတ်ကုန်ကဏ္ဍမှာ ဦးဆောင်သူအဖြစ် ပါဝင်လိုကြောင်း ထင်ရှားနေပါတယ်။ Galaxy Z Flip ကို မိတ်ဆက်ပြီးတဲ့နောက် ကုမ္ပဏီရဲ့ မိုဘိုင်းဌာနအကြီးအကဲသစ် Roh Tae-moon က သူတို့ဟာ တစ်ခါထက်ပိုပြီး ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို ထုတ်လုပ်ဖို့ အသင့်ရှိပြီး ဒီအကြံအစည်ကို စမ်းသပ်ကြည့်နေတာ ကြာပြီလို့ ထပ်ပြောခဲ့ပါတယ်။

လက်ရှိဈေးကွက်ထဲက Foldable စမတ်ဖုန်းတွေဟာ Single-fold စတိုင်လ်နဲ့ပဲ ဒီဇိုင်းထုတ်ထားကြပြီး ပြိုင်ဘက် အချို့ကတော့ နှစ်ခေါက်ချိုး Triple-fold ပုံစံ ဟန်းဆက်တွေကို Tease လုပ်ခဲ့ဖူးပါတယ်။ Samsung ကတော့ တစ်ခါထက်ပိုတဲ့ Foldable ဒီဇိုင်းလည်း ထုတ်လုပ်နိုင်တယ်လို့ ကြေညာလိုက်တာဖြစ်ပြီး Galaxy Z Flip နဲ့အတူ မိတ်ဆက်လာတဲ့ UTG (Ultra Thin Glass) နည်းပညာသစ်ကြောင့်လည်း ပါနိုင်ပါတယ်။

ဒါပေမယ့် အခုလို ပုံမှန်မဟုတ်တဲ့ Foldable ကိုထုတ်လုပ်ဖို့ တကယ့်အခက်အခဲက သုံးစွဲဖို့အတွက် Eco စနစ်၊ ဝန်ဆောင်မှုတွေနဲ့ App တွေ မဖွံ့ဖြိုးသေးတာသာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၁၉ ကုန်ခါနီးမှ ဈေးကွက်ထဲ တကယ်ဝင်လာတဲ့ Foldable စမတ်ဖုန်းတွေမှာ ပုံမှန်ဟန်းဆက်တွေနဲ့ ကွာခြားတဲ့ Display စတိုင်လ်ကြောင့် သုံးစွဲနိုင်တဲ့ Apps နဲ့ဝန်ဆောင်မှုတွေ လိုအပ်နေသေးပြီး Triple-fold ဟန်းဆက်တွေမှာ ပိုတောင်နည်းပါးနိုင်ပါတယ်။

Roh က ဆက်ပြီးတော့ Galaxy Fold နဲ့ Z Flip ရဲ့ စိတ်ဝင်စားစရာ အချက်အချို့ကို မျှဝေခဲ့ပါတယ်။ ပထမဆုံး Galaxy Fold ကို ထုတ်လုပ်ဖို့ စုစုပေါင်း ၇ နှစ်တောင် အချိန်ယူခဲ့ရပေမယ့် ဒုတိယမျိုးဆက်ကို ထုတ်လုပ်ဖို့တော့ ၃ နှစ်သာ ကြာခဲ့တယ်လို့ သူက ဆိုပါတယ်။ အနာဂါတ် Foldable မျိုးဆက်တွေမှာတော့ ထုတ်လုပ်ချိန်က ဒီထက်ချုံ့လာနိုင်မှာ သေချာပါတယ်။

Ref – GSM Arena