တောင်ကိုရီးယား အခြေစိုက် နည်းပညာကုမ္ပဏီကြီး Samsung ကို စမတ်ဖုန်းတွေနဲ့ လူပိုသိပေမယ့် သူတို့ဟာ Memory Chip တွေ အပါအဝင် လျှပ်စစ်ပစ္စည်း ပေါင်းစုံကို ကိုယ်တိုင် ထုတ်လုပ်ရောင်းချပါတယ်။ အခုတလောမှာ ကုမ္ပဏီဟာ နောက်ဆုံးပေါ် Extreme Ultraviolet Lithography နည်းပညာ အသုံးပြုထားတဲ့ မိုဘိုင်း RAM တွေကို ဖော်ထုတ်ပြသနေတာပါ။

ယနေ့မှာတော့ Samsung ဟာ အဆိုပါ EUV နည်းပညာကို အသုံးပြုထားတဲ့ ပထမဆုံး 16GB LPDDR5 မိုဘိုင်း RAM ကို ထုတ်လုပ်မှု စတင်နေပြီဖြစ်ကြောင်း ဖော်ပြလာခဲ့ပါတယ်။ ဒီနည်းပညာကို လက်တွေ့အသုံးချနိုင်ခြင်းက Samsung အတွက် မန်မိုရီချစ်ပ်တွေ ထုတ်လုပ်မှု စွမ်းအားကို တိုးမြှင့်ပေးခဲ့ရုံသာမကဘဲ တန့်ရပ်နေတဲ့ တိုးတက်မှု လမ်းစကိုလည်း ဖွင့်ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူ့ရဲ့ တိုးတက်မှုဟာ ကုမ္ပဏီ တစ်ခုတည်း အတွက်သာ မဟုတ်ဘဲ မိုဘိုင်း မန်မိုရီ ထုတ်လုပ်မှု ကဏ္ဍ တစ်ခုလုံး အတွက် အကျိုးရှိစေတဲ့ ခြေလှမ်းလို့ ဆိုရမှာပါ။ အခု Memory အသစ်ဟာ ယခင် 12GB RAM တွေထက် 16% ပိုမြန်တဲ့ Bandwidth ပိုင်ဆိုင်ပါတယ်။ တိုးတက်သွားတဲ့ Memory Bandwidth ဟာ အခုဆို 6.4 Gbps နှုန်းကို ရောက်ရှိနိုင်ပြီ ဖြစ်ပြီး အရွယ်အစားကျတော့ 30% ပိုသေးငယ်သွားမှာပါ။ အစိတ်အပိုင်းတစ်ခုကို ပိုသေးငယ်အောင် ထုတ်လုပ်နိုင်ခြင်းက စမတ်ဖုန်းလို ထုတ်ကုန်မျိုးမှာ အလွန် အကျိုးရှိစေပြီး အခြား အစိတ်အပိုင်းတွေကို ပိုမို နေရာပေးနိုင်လာစေပါတယ်။

လက်ရှိမှာတော့ Samsung ဟာ သူတို့ရဲ့ မိုဘိုင်း RAM အသစ်အား Flagship စမတ်ဖုန်းတွေမှာ ထည့်သွင်းနိုင်ဖို့ ကြိုးစားနေပါပြီ။ ဒါ့ကြောင့် နောက်မျိုးဆက် Flagship တွေမှာ တောင်ကိုရီးယား ကုမ္ပဏီရဲ့ 16GB RAM မန်မိုရီတွေနဲ့ တွေ့ရနိုင်ပြီး ပိုစွမ်းအားကောင်းတဲ့ စမတ်ဖုန်းတွေ ဖြစ်လာမှာပါ။ ဒီနည်းပညာကို စမတ်ဖုန်းတွေသာမကဘဲ မော်တော်ကားလို ထုတ်ကုန်တွေမှာပါ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

Ref – GizmoChina