နှစ် ၁ နှစ်ရဲ့ နောက်ဆုံးလတွေဟာ နည်းပညာ ကမ္ဘာမှာ လှုပ်လှုပ်ခတ်ခတ် အဖြစ်ဆုံး ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ဒီအတိုင်းပဲ ဖြစ်လာပါပြီ။ Apple က ဒီလ ၁၈ ရက်နေ့မှာ M1X MacBook Pro အသစ်တွေကို ကြေညာတော့မယ်လို့ထင်ရပြီး Google က ဒီလ ၁၉ ရက်နေ့မှာ Pixel 6 Event ကို ကျင်းပတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။

အခုတော့ Samsung ကလည်း အားကျမခံ ဒီလ ၂၀ ရက်နေ့မှာ  ဒုတိယမြောက် ‘Unpacked Event’ ကို ပြုလုပ်မယ်လို့ သတင်းပေးလိုက်ပါတယ်။ Samsung က ‘Unpacked Part 2’ လို့ နာမည်ပေးထားပြီး ဘာထုတ်ကုန်တွေကြေညာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ Samsung ဟာ မကြာခင်ကမှ ဒိတ်ဒိတ်ကြဲ Galaxy Z Fold 3 နဲ့ Flip 3 ဖုန်းတွေကို ချပြခဲ့ပြီးပါပြီ။ Galaxy Note လည်း ဒီနှစ်ထွက်လာမှာ မဟုတ်ပါဘူး။ အဲဒီအတွက် အဓိက သိပ်မကျတဲ့ ထုတ်ကုန်အသစ်တွေကို ကြေညာနိုင်ပါတယ်။

Samsung to host ‘Unpacked Part 2’ after Apple and Google’s big events

Samsung က “ User တွေရဲ့ စိတ်ဝင်စားမှုဟာ အမျိုးမျိုး အဖုံဖုံ ကွဲပြားနေကြသလို သူတို့ နေ့စဉ် အသုံးပြုတဲ့ နည်းပညာတွေဟာလည်း မတူညီကြပါဘူး။ Samsung က ဘယ်လို အတွေ့အကြုံ အသစ်တွေပေးမလဲဆိုတာ သိရအောင် အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကျင်းပမယ့် Galaxy Unpacked Part 2 မှာ ပါဝင်လိုက်ပါ။ “ လို့ ကြေညာထားပါတယ်။

ကြေညာချက်မှာ ဘာထုတ်ကုန်တွေ ချပြမလဲဆိုတာ အရိပ်အမြွက်တောင် သတင်းမပေးထားပါဘူး။ S21 Fan Edition ကို ကြေညာမယ်လို့ အရင်က သတင်းတွေထွက်ခဲ့ပေမယ့် အခုနောက်ပိုင်းထွက်တဲ့ သတင်းအရ ၂၀၂၁ အစောပိုင်းမှ ချပြနိုင်ပါတယ်။ ‘Unpacked Part 2’ မှာ ကြေညာမယ့် ထုတ်ကုန်တွေကို ဒီလ ၂၀ ရက်နေ့ကျမှ ရှင်းရှင်းလင်းလင်း သိရမှာဖြစ်ပြီး အဲဒီပွဲကို Samsung ရဲ့ YouTube Channel ကနေ ပြသမှာပါ။

Ref : tnw