Apple ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Samsung အပေါ်မှီခိုရမှုကို လျှော့ချနိုင်ဖို့ ကြိုးစားနေခဲ့တာပါ။ Samsung ကလည်း Apple ရဲ့ iPhone အတွက် သတ်မှတ်အစိတ်အပိုင်းအချို့ကို ထုတ်လုပ်ပြီး ထောက်ပံ့ပေးနေတာပါ။
လာမဲ့နှစ်ထဲမှာတော့ Samsung က သူ့ရဲ့စီးပွားရေ:လုပ်ငန်းတစ်ခုကို စွန့်ခွာဖို့ စီစဉ်နေပါတယ်။ အဲဒါကတော့ Rigid-flexible printed circuit boards (RFPCB) ထုတ်လုပ်တဲ့ လုပ်ငန်းလို့ သိရပါတယ်။ ဒီအတွက် Apple ကတော့ တခြားထောက်ပံ့သူတွေဆီကိုပဲ အမှာစာတွေပိုတင်ရတော့ဖွယ် ရှိပါတယ်။
TheElec နဲ့ 9To5Mac တို့ရဲ့ဖော်ပြချက်အရ Samsung ဟာ ဒီနှစ် iPhone 13 စီးရီးတွေမှာအသုံးပြုမဲ့ RFPCB ရဲ့ ၃၀% ကိုပဲ ထောက်ပံ့တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားအခြေစိုက် ဧရာမနည်းပညာကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ရလဒ်က ဒီအစိတ်အပိုင်းထုတ်လုပ်မှုကို နိုဝင်ဘာလမှာ ရပ်တန့်တော့မှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားရဲ့ BH ကတော့ Apple ရဲ့ RFPCB မှာယူမှုပမာဏ စုစုပေါင်းရဲ့ ၅၅% ကို ထောက်ပံ့ပေးမှာဖြစ်ပြီး Youngpoong Electronics ကတော့ အကြမ်းဖျင်း ၁၅% ကို ထောက်ပံ့ပေးမယ်လို့ ခန့်မှန်းရပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ BH ဟာ Apple ရဲ့ RFPCB လိုအပ်ချက်အတွက် ၇၀% နီးပါး ထောက်ပံ့ပေးမယ်လို့ မျှော်လင့်ရပြီး Youngpoong Electronics က ကျန်ရှိ ၃၀% ကိုရရှိမယ်လို့ မျှော်လင့်ရပါတယ်။
ဒီအစိတ်အပိုင်းဟာ Main circuit board ကို OLED panel နဲ့ ဆက်သွယ်ဖို့အတွက် အသုံးပြုတာ ဖြစ်ပါတယ်။ မာကျောပေမဲ့ လိုက်လျောညီထွေရှိတဲ့ဒီအစိတ်အပိုင်းက Apple ရဲ့ ထုတ်ကုန်အတွက်ဒီဇိုင်းဖန်တီးမှုတွေကို ပိုပြီးလွယ်ကူစေပါတယ်။ FPCB နဲ့နှိုင်းယှဉ်ရင် RFPCB က လျှပ်စစ်အချက်ပြမှုကို ပိုပြီးမြန်မြန်ဆန်ဆန်ဆန်ပေးပို့နိုင်ပါတယ်။ ဒါပေမဲ့ ဈေးလည်းပိုကြီးပါတယ်။
Ref: Phone Arena