ကမ္ဘာလုံးဆိုင်ရာ တီဗီတင်ပို့မှုဟာ ၂၀၂၀ ပြည့်နှစ်ရဲ့ တတိယသုံးလပတ်မှာ ပွင့်လန်းလာတာကို တွေ့မြင်နိုင်ပါပြီ။ TCL က နှစ်စဉ်တိုးတက်မှုနှုန်း အမြောက်အများတိုးတက်လာချိန်မှာ Samsung ကလည်း သူ့ထက် တင်ပို့ရောင်းချမှုနှုန်းနှစ်ဆနဲ့အတူ ဇယားထိပ်မှာ နေရာယူဦးဆောင်ထားတာလည်း တွေ့မြင်ရပါတယ်။

ဈေးကွက်သုတေသန TrendForce ရဲ့ ဖော်ပြမှုအရ ၂၀၂၀ တတိယသုံးလပတ်အတွင်း ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း တီဗီတင်ပို့မှုဟာ ၆၂.၅ သန်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ သုံးလပတ်အလိုက် တိုးတက်မှုမှာ ၃၈% ဖြစ်လာပါတယ်။ ဒါ့အပြင် နှစ်အလိုက်တိုးတက်မှုနှုန်းအရဆိုရင်လည်း ၁၂% ဖြစ်လာတာပါ။ အထူးသဖြင့် မြောက်အမေရိကမှာဆိုရင် ဇန်နဝါရီကနေ သြဂုတ်လအတွင်း နှစ်အလိုက်တိုးတက်မှုနှုန်းဟာ ၂၀% အထိ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်ဆိုပေမယ့် Samsung, LG နဲ့ TCL တို့ဟာ တီဗီရောင်းချမှုကနေ အကျိုးအမြတ်တွေ ရရှိခဲ့တာလည်း တွေ့ရပါတယ်။ ဒီကုမ္ပဏီတွေထဲမှာမှ TCL ကတော့ အမြင့်ဆုံးခုန်တက်မှုကို ပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၀ တတိယသုံးလပတ်မှာ ၇.၃၃ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကပ်ရောဂါရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ရှည်လျားတဲ့ Quarantine ကာလကြောင့် အိမ်တွင်းဖျော်ဖြေရေးပစ္စည်းတွေဟာ ပိုပြီးလိုအပ်လာကြချိန်မှာ TCL က မဟာဗျူဟာမြောက် ဈေးနှုန်းလျော့ချလိုက်တာတာလည်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Samsung ကတော့ တတိယသုံးလပတ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ တီဗီတင်ပို့ရောင်းချမှုကို ၁၄.၃ သန်းနဲ့ ဦးဆောင်ထားတာပဲ ဖြစ်ပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့သုံးလပတ်အတွင်း တင်ပို့ရောင်းချမှုထက် နှစ်ဆကျော်ဖြစ်တာကိုလည်း တွေ့နိုင်ပါတယ်။ တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီပဲဖြစ်တဲ့ LG ကတော့ နှစ်အလိုက်တိုးတက်မှုနှုန်းအနည်းဆုံးဆိုပေမယ့် ဒုတိယနေရာမှာ ရှိနေပါတယ်။

တရုတ်အခြေစိုက် အမှတ်တံဆိပ်တွေဖြစ်တဲ့ HiSense နဲ့ Xiaomi တို့ကလည်း TCL ရဲ့နောက်က နေရာလွတ်ကို အသီးသီးရယူထားကြတာ တွေ့ရပါတယ်။ ဒီအမှတ်တံဆိပ်တွေဟာ စတုတ္ထလေးလပတ်ကာလအတွင်းမှာလည်း ဝယ်လိုအားဆက်တက်နေပြီး နောက်ထပ် ၄% တိုးတက်ပြီး ၆၄.၅၃ သန်းလောက်အထိ ရောင်းချလာနိုင်ဖွယ်ရှိတယ်လို့ အစီရင်ခံစာမှာ ရေ:သားဖော်ပြထားပါတယ်။

Ref: Gizmochina