တကယ်တော့ Samsung ရဲ့ Galaxy Note20 စီးရီးကို တရားဝင်မိတ်ဆက်ဖြန့်ချိဖို့ တစ်လကျော်လောက် လိုနေပါသေးတယ်။ အခုအချိန်ထိတော့ CAD renders တွေကပဲ ဒီ Galaxy Note20 စီးရီးမိသားစုဝင်တွေရဲ့ ပုံသဏ္ဍာန်တွေကို သိထားကြရသေးတာပါ။

အခုတော့ Samsung ယူကရိန်းရဲ့ကျေးဇူးနဲ့ Samsung Galaxy Note20 Ultra ရဲ့ တရားဝင် ပုံရိပ်အစစ်အမှန်ကို မြင်တွေ့လိုက်ကြရပြီ ဖြစ်ပါတယ်။ ဒီတရားဝင်ပုံရိပ်ကို Samsung ယူကရိန်းက အမှန်တကယ်ပဲ မတော်တဆတင်မိတာလား၊ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိနဲ့ တင်ခဲ့တာလားဆိုတာတော့ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

Galaxy Note20 Ultra ရဲ့ Mystic Bronze ပုံရိပ်တွေဟာ ရှင်းလင်းပြီး ထင်ရှားပြတ်သားတဲ့ ပုံရိပ်တွေလည်း ဖြစ်ပါတယ်။ ဒီပုံရိပ်တွေကို Max Weinbach (@MaxWinebach) က တွစ်တာမှာ မျှဝေခဲ့တာပါ။ ပုံရိပ်အရ Galaxy Note20 Ultra ဟာ ကျောဘက်ကင်မရာ လေးလုံးတပ်ဆင်ထားပြီး တစ်လုံးကတော့ Periscope lens ဖြစ်ပြီး 50x zoom ကို ထောက်ပံ့မယ်လို့ ယုံကြည်ရပါတယ်။

စတုဂံပုံကင်မရာအိမ်ဖွဲ့တည်မှုက ခပ်ထူထူပုံစံမျိုးဖြစ်ပြီး LED ဖလက်ရှ်ကိုလည်း တစ်ပါတည်း ထည့်သွင်းထားတာ တွေ့မြင်နိုင်ပါတယ်။ ပုံတွေဟာ ဟန်းဆက်ရဲ့ ကျောဘက်ကိုယ်ထည်ပိုင်းကိုပဲ ပြသထားပြီး အရောင်ကလည်း S-Pen နဲ့ ဆင်တူပဲ ဖြစ်ပါတယ်။ မျက်နှာပြင်ပုံစံတော့ မြင်တွေ့နိုင်ခြင်း မရှိသေးပါဘူး။

Ref: Gizmochina