Samsung ဟာ ယခု ၂၀၂၁ ခုနှစ်မှာ Galaxy S21 Series ဖုန်းတွေကို ရောင်းချခဲ့တယ်ဆိုပေမယ့် တကယ်တမ်းရောင်းအားကောင်းနေခဲ့တာက Foldable ဖုန်းတွေဖြစ်တဲ့ Galaxy Z Fold3 နဲ့ Galaxy Z Flip3 ဖုန်းတွေပဲဖြစ်ပါတယ်။ ဒါကို Samsung ကနေ လာမယ့် ၂၀၂၂ ခုနှစ်မှာ ပြောင်းလဲသွားဖွယ်ရှိနေပါတယ်။

ဘာကြောင့်လဲဆိုရင် တောင်ကိုရီးယားနိုင်ငံရဲ့ Media Outlet တစ်ခုဖြစ်တဲ့ The Elec ရဲ့ ပြောကြားချက်အရ Samsung ဟာ ၂၀၂၂ ခုနှစ်အတွက် ရောင်းအားပိုကောင်းဖို့မှန်းထားပြီးတော့ ကမ္ဘာလုံးမှာရှိတဲ့စမတ်ဖုန်းစျေးကွက်ရဲ့ ၂၁.၉ ရာခိုင်နှုန်းအထိရယူထားဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။ အခုလိုမျိုး ခန့်မှန်းထားရတာကလည်း လက်ရှိအချိန်မှာဖြစ်ပေါ်နေတဲ့ Pandemic အခြေအနေက ဆက်လက်ဖြစ်ပေါ်နေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

Samsung ကနေ ခန့်မှန်းထားတဲ့ စမတ်ဖုန်းစျေးကွက်ရဲ့ ၂၁.၉ ရာခိုင်နှုန်းကို ရယူဖို့အတွက် စမတ်ဖုန်းအလုံးရေ သန်း ၃၉၀ ခန့်ရောင်းချဖို့လိုအပ်မှာဖြစ်ပါတယ်။ နောက်ထပ်လည်း Samsung ကနေ လာမယ့်နှစ်အစောပိုင်းမှာမိတ်ဆက်သွားမယ့် Galaxy S22 Series ဖုန်းတွေကို အလုံးရေ ၃၃ သန်းအထိရောင်းချသွားဖို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

အထူးသဖြင့် Galaxy S22 ဖုန်းဟာ လာမယ့်နှစ်မှာ အောင်မြင်တဲ့စမတ်ဖုန်းတစ်လုံးဖြစ်လာနိုင်ပြီး အလုံးရေ ၁၄ သန်းခန့်ရောင်းချရဖို့ ခန့်မှန်းထားတာဖြစ်ပါတယ်။ S22+ နဲ့ S22 Ultra ဖုန်းတွေကိုတော့ အလုံးရေ ၈ သန်း နဲ့ ၁၁ သန်းခန့်ပဲရောင်းချရမယ်လို့ ခန့်မှန်းထားပါတယ်။

Samsung ဟာ လာမယ့် ၂၀၂၂ ခုနှစ်မှာ Galaxy A Series တွေကိုလည်း အဆင့်မြှင့်တင်သွားမှာဖြစ်ပြီး ပိုကောင်းတဲ့ Camera Sensor ၊ Performance တွေအပြင် Water Resistance Rating ကိုပါ ထည့်သွင်းပေးသွားတော့မှာဖြစ်ပါတယ်။ ဒါကြောင့် အဓိကအနေနဲ့ Galaxy A Series တွေကပဲ Samsung က သတ်မှတ်ထားတဲ့ စျေးကွက်ရှယ်ယာပမာဏတစ်ခုကို ရရှိအောင် ဆောင်ရွက်ပေးနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပါ။

Ref – GSM Arena