လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက Samsung ဟာ Galaxy Note စီးရီးကို ရပ်တန့်ပစ်လိုက်တော့မယ်လို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ Samsung ဟာ Galaxy S21 Ultra မှာ S Pen ထည့်သွင်းပေးလိုက်တာကလည်း ဒီကောလာဟလကို ပိုပြီးအားကောင်းသွားအောင် တွန်းအားပေးလိုက်သလိုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ကုမ္ပဏီရဲ့ တာဝန်ရှိသူကတော့ Samsung အနေနဲ့ ဒီစီးရီးကို အသက်မဲ့အောင်လုပ်ဖို့အစီအစဉ်မရှိဘူးလို့ ပြောဆိုလာပါတယ်။ ဒီသတင်းဟာ Yonhap ရဲ့ ဆောင်းပါးကိုအခြေခံပြီး SamMobile က ရေးသားဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Samsung အနေနဲ့ လာမယ့်နှစ်မှာ Galaxy Note စီးရီးကို ထုတ်ဝေဖို့ ပြင်ဆင်နေကြောင်းလည်း ဖော်ပြထားပါတယ်။

အကယ်၍သာ SamMobile ရဲ့ သတင်းက မှန်ကန်ခဲ့မယ်ဆိုရင် လာမယ့်နှစ်အတွင်း Galaxy S21 စီးရီးနဲ့အတူ Galaxy Note 21 lineup ကိုလည်း မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့အတွင်းသတင်းရင်းမြစ်က Galaxy S 21 မှာ S Pen ထောက်ပံ့လာတာဟာ Note စီးရီးကို ရပ်ဆိုင်းမယ်လို့ မဆိုလိုကြောင်း အတည်ပြုပြောဆိုခဲ့ပြန်ပါတယ်။

အခုအချိန်အထိတော့ Galaxy Note စီးရီးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိကြရသေးတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ Note lineup ကို ရပ်တန့်တော့မယ်လို့ ဖော်ပြခဲ့တဲ့အထဲမှာ Reuters လို သတင်းဌာနကြီးလည်း ပါဝင်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရပ်တန့်မယ်ဆိုတဲ့သတင်းရော၊ မရပ်တန့်ဘူးဆိုတဲ့ သတင်းအတွက်ပါ တိကျခိုင်မာတဲ့ သက်သေပြစရာ တစ်ခုမှ မရှိသေးတာကို တွေ့ရပါတယ်။ ဒါကြောင့် Galaxy Note တွေရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တရားဝင်သတင်းထုတ်ပြန်လာတာကိုပဲ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

Ref: GSM Arena