Samsung ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Exynos 1080 ဟာ ကုမ္ပဏီအတွက် ပထမဆုံးသော 5nm Architecture ကို အခြေခံထားတဲ့ Chipset ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Flagship Chipset ဖြစ်တဲ့ Exynos 2100 ကိုလည်း 5nm Architecture နဲ့ပဲ ထပ်မံမိတ်ဆက်ခဲ့ပါသေးတယ်။

အခုလည်း Samsung သတင်းတွေကို အမြဲတမ်းတင်နေတတ်တဲ့ Leakster တစ်ဦးဖြစ်တဲ့ Ice Universe ရဲ့ ပြောကြားချက်အရ Samsung ဟာ Entry Level စမတ်ဖုန်းတွေအတွက် 5nm Architecture ကို အခြေခံထားတဲ့ Chipset အသစ်ကို မိတ်ဆက်ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ Chipset ဟာ ယခင် Exynos 1080 ထက်တောင် စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နာမည်အနေနဲ့ကတော့ Exynos 1280 လို့ ခေါ်ဆိုမှာဖြစ်ပြီး လောလောဆယ်မှာတော့ CPU နဲ့ GPU တွေက ဘယ်လိုမျိုးရှိမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ Exynos 1080 မှာတော့ Cortex-A78 Core ၄ လုံး၊ Cortex-A55 Core ၄ လုံးနဲ့ Mali G78 MP10 GPU တွေပါဝင်တာကြောင့် အဲ့ဒီထက် စွမ်းဆောင်ရည်ပိုလျော့နည်းမှာဖြစ်ပါတယ်။

တစ်ခုထူးခြားချက်တော့ အဆိုပါ Samsung Exynos 1280 Chipset ဟာ Entry Level ဖုန်းတွေအတွက် ပထမဆုံးသော 5nm Architecture ကို အခြေခံထားတဲ့ Chipset ဖြစ်လာမှာပါ။ လက်ရှိအချိန်မှာ Mid Range ဖုန်းတွေအတွက်ပဲ Exynos 1080 နဲ့ Snapdragon 780G လိုမျိုး 5nm Chipset တွေပဲရှိနေတာဖြစ်ပါတယ်။

Samsung ဟာ အဆိုပါ Entry Level Chipset အသစ်အပြင် AMD နဲ့ GPU ပိုင်းပူးပေါင်းထားတဲ့ Flagship Chipset အသစ်၊ Mid Range ပိုင်းအတွက် Chipset အသစ်စတဲ့ စုစုပေါင်း Chipset အသစ် ၃ မျိုးကို မိတ်ဆက်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

Ref – GSM Arena