အင်တာနက်အမြန်နှုန်းတွေ ခေတ်သစ်တစ်ရပ်ကို ကူးပြောင်းဖို့ Samsung က ရှေ့တစ်လှမ်း တိုးလိုက်ပါပြီ။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ Samsung၊ KT Corporation နဲ့ Keysight Technologies တို့ ပူးပေါင်းပြီး ဆိုးလ်မြို့က သုတေသနစခန်းမှာ 6G နည်းပညာကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုမှာ အင်တင်နာပေါက်ပေါင်း ၂၅၆ ခု ပါဝင်တဲ့ 6G စခန်းကို အသုံးပြုခဲ့ပြီး စက်တစ်လုံးတည်းအတွက် အမြင့်ဆုံး ဒေါင်းလုဒ်အမြန်နှုန်း 3 Gbps အထိ အံ့မခန်း ရရှိခဲ့ပါတယ်။

အဲဒီစမ်းသပ်ချက်မှာ 7 GHz လှိုင်းနှုန်းစဉ်နဲ့ eXtreme MIMO (X-MIMO) လို့ခေါ်တဲ့ နည်းပညာသစ်ကို အဓိကထား အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ 7 GHz လှိုင်းနှုန်းစဉ်ဟာ လက်ရှိ 5G လှိုင်းတွေထက် ပိုမိုကျယ်ပြန့်တဲ့ လှိုင်းအကျယ်ကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် X-MIMO နည်းပညာကလည်း စက်ပစ္စည်း အရွယ်အစားကို ကြီးမားမသွားစေဘဲ ပုံမှန် 5G စခန်းတွေထက် အင်တင်နာ အရေအတွက် ၄ ဆလောက် ပိုမိုထည့်သွင်းပေးနိုင်ပါတယ်။

အဲဒီလို ထူထပ်တဲ့ အင်တင်နာစနစ်တွေကြောင့် ဒေတာစီးကြောင်း ၈ ခုကို တစ်ပြိုင်နက်တည်း အပြိုင် ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိ အသုံးပြုနေတဲ့ 5G အမြန်နှုန်းတွေထက် များစွာသာလွန်တဲ့ အမြန်နှုန်းကို ရရှိစေတဲ့အပြင် လွှမ်းခြုံနိုင်တဲ့ ဧရိယာကိုလည်း အကောင်းဆုံး ထိန်းသိမ်းထားနိုင်တာကို တွေ့ရပါတယ်။
လက်ရှိအချိန်မှာ 6G စံနှုန်းတွေကို အပြီးသတ် သတ်မှတ်ရခြင်း မရှိသေးဘဲ လာမယ့်နှစ်တွေအတွင်းမှာ တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာဖို့ ရှိနေပါတယ်။ ဒါပေမဲ့ အခုလို ပြင်ပပတ်ဝန်းကျင်မှာ လက်တွေ့စမ်းသပ်နိုင်ခဲ့တာဟာ 6G နည်းပညာကို သီအိုရီအဆင့်ကနေ လက်တွေ့အသုံးချနိုင်ဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာပြီး အနာဂတ် ဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေ တည်ဆောက်ရာမှာ အများကြီး အထောက်အကူ ဖြစ်စေမှာ သေချာပါတယ်။
Ref : gizmochina