Samsung ဟာ Apple ကို အတုယူပြီး Galaxy S series အတွက် ကိုယ်ပိုင် High-end custom processor ကိုတည်ဆောက်တော့မယ်လို့ BusinessKorea က ဖော်ပြလိုက်ပါတယ်။ အထူးသဖြင့် Samsung Electronics ရဲ့ Device Solution (DS) ဌာနခွဲဟာ Galaxy စမတ်ဖုန်းတွေအတွက် Application Processor (AP) ကို စတင် တီထွင်နေပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီ AP အသစ်ဟာ ချက်ချင်းဆိုသလို ပေါ်ထွက်လာမှာမဟုတ်တာတော့ ထင်ရှားပါတယ်။ Samsung ဟာ ဒီ Chip ဒီဇိုင်းကို ၂၀၂၃ ခုနှစ်မှာ အပြီးသတ်ဖို့ရည်မှန်းထားပြီး ၂၀၂၅ ခုနှစ်မှစတင်ပြီး Flagship Galaxy စမတ်ဖုန်းတွေမှာ Application Processor ကို ထည့်သွင်းဖို့ကြိုးပမ်းမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသတင်းဟာ Samsung Electronics MX Business Division ရဲ့ ဥက္ကဋ္ဌ Roh Tae-moon က ကျန်ခဲ့တဲ့ မတ်လတုန်းက မြို့တော်ခန်းမမှာကျင်းပတဲ့ အစည်းအဝေးမှာပြောခဲ့တဲ့ ကြေညာချက်နဲ့လည်း ကိုက်ညီတယ်လို့ ဆိုရပါမယ်။ GOS အငြင်းပွားမှုကြောင့် Samsung ဟာ Galaxy စမတ်ဖုန်းတွေအတွက် ကိုပိုင် AP ကို တီထွင်ခဲ့တာလို့လည်း သတ်မှတ်နိုင်ပါတယ်။

Galaxy စမတ်ဖုန်းတွေနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ AP ဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်တိုင်ကိုယ်ကျစောင့်ကြည့်မယ်လို့ Roh က ပြောခဲ့ဖူးပါတယ်။ GOS (Game Optimization Service) ကို ဘယ်လိုဘယ်ပုံ ကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာအပြီးမှာ Roh က အခုလိုပဲ မှတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung ရဲ့ MX Division ဟာ သူ့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် အလားတူ Chip တွေကို Qualcomm နဲ့ MediaTek အပါအဝင် Supplier တွေဆီကနေ ဝယ်ယူနေပါတယ်။ ကိုယ်ပိုင် Chipset ဖြစ်တဲ့ Exynos SoC ကို နောက်ဆုံးထွက် Galaxy စမတ်ဖုန်းအချို့မှာ အသုံးပြုနေတယ်ဆိုပေမဲ့ Apple ဒါမှမဟုတ် Qualcomm တို့ရဲ့ SoC နဲ့ နှိုင်းယှဉ်ရင် အတော်ကောင်းနေပြီလို့ မဆိုနိုင်သေးပါဘူး။

ဒါကြောင့်လည်း Samsung ဟာ AP အသစ် ထွက်ပေါ်လာတာနဲ့ Exynos chipset ကို သူ့ရဲ့ Mid-tier နဲ့ Lower-end စမတ်ဖုန်းတွေမှာပဲ အသုံးပြုဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Ref: sammobile