CES Event တွေမှာ အမြဲတမ်းလိုလို နည်းပညာကုမ္ပဏီတွေရဲ့ ဘဘာဝဘေးအန္တာရယ်ကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို ကုန်ပစ္စည်းတွေနဲ့ ယှဥ်တွဲပြီး မိတ်ဆက်တာက သဘာဝဖြစ်ပါတယ်။ ပြီးခဲ့တဲ့ CES 2021 တုန်းက နေရောင်ပြပြီး အားသွင်းနိုင်တဲ့ Solar-powered Remote တွေကို မိတ်ဆက်ခဲ့ပြီး အခုလည်းနောက်ထပ် Version အသစ်ကို CES 2022 မှာ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ Samsung Eco Remote လိုမျိုးပဲ Solar-powered အပြင် Internet Router တွေကနေ ထွက်ရှိတဲ့ Radio Wave တွေကို စွမ်းအင်အနေနဲ့ ပြောင်းလဲသိုလှောင်ပြီး အားသွင်းနိုင်တဲ့ Remote ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး Router က ထွက်ရှိတဲ့ RF (Radio Frequency) လှိုင်းတွေဟာ အလွန်စွမ်းအင်နည်းပါးတာကြောင့် စမတ်ဖုန်းနဲ့တခြားသော Electronics ပစ္စည်းတွေကိုတော့ အားသွင်းနိုင်ခြင်းမရှိပေမယ့် စွမ်းအင်စားသုံးမှုအလွန်နည်းပါးတဲ့ TV Remote တွေအတွက်ကတော့ အဆင်ပြေတယ်လို့ သိရပါတယ်။

ဒီလိုမျိုး RF ကနေတစ်ဆင့်အားသွင်းနိုင်တဲ့အပြင် Samsung ရဲ့ Eco Remote ဟာ နေအလင်းရောင်ဖြစ်ဖြစ်၊ အခန်းတွင်းအလင်းရောင်ကနေလည်း ပြန်လည်အားသွင်းနိုင်မှာပါ။ ဒါပေမယ့် အားအမြန်ဆုံးသွင်းဖို့ လိုအပ်နေရင်တော့ USB-C ကို သုံးပြီး အားသွင်းနိုင်အောင်လည်း ပြုလုပ်ထားပါသေးတယ်။

Samsung ဟာ ယခုလိုမျိုး ပြုလုပ်နေတာက AAA Battery အသုံးပြုထားတဲ့ Remote တွေကို လုံးဝ ဖယ်ရှားချင်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို Solar-powered Remote ကို ပြောင်းလဲလိုက်ခြင်းကြောင့် ၇ နှစ်အတွင်းမှာ AAA Battery ၉၉ လုံးအထိ အသုံးပြုမှု လျော့နည်းသွားမယ်လို့ သိရပါတယ်။ တခြားသော Remote ကို လှုပ်တဲ့အချိန်မှာ ရရှိတဲ့ Kinetic Energy ကို အသုံးပြုပြီး အားသွင်းတာ၊ Microphone က အသံကို ဖမ်းယူပြီး Vibration Energy ကနေ အားသွင်းတာတွေကိုလည်း စမ်းသပ်ခဲ့ပေမယ့် အခု RF Charging က ပိုအဆင်ပြေတာကြောင့် အသုံးပြုခဲ့တာလို့ Samsung ကနေ ပြောကြားခဲ့ပါတယ်။

Ref – The Verge