Samsung ဟာ အခုဆိုရင် Foldable စမတ်ဖုန်းထုတ်လုပ်မှုမှာ နံပါတ် (၁) နေရာကို ရယူထားနိုင်ပြီလို့ပြောနိုင်ပါတယ်။ ယခုနှစ်အတွင်းမှာလည်း Galaxy Z Flip 3 နဲ့ Galaxy Z Fold 3 လိုမျိုး Foldable ဖုန်းအသစ်တွေကို မိတ်ဆက်ဖို့ရှိနေပါသေးတယ်။

တကယ်လို့ အဆိုပါ Samsung Galaxy Foldable စမတ်ဖုန်းအသစ်တွေကို ဝယ်ယူဖို့စဥ်းစားနေတယ်ဆိုရင် သတင်းကောင်းတစ်ခုပေါက်ကြားလာပြီဖြစ်ပါတယ်။ ဒါကတော့ Samsung ကနေ ယခုနှစ်အတွက် Foldable စမတ်ဖုန်းတွေရဲ့ စျေးနှုန်းကို အများဆုံး ၂၀ ရာခိုင်နှုန်းအထိ လျော့ချပြီး မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။

Samsung ရဲ့ Galaxy Z Flip ဖုန်းဟာ $1,380 နဲ့ မိတ်ဆက်ခဲ့တာဖြစ်သလို Galaxy Z Fold 2 ဖုန်းဟာလည်း $2,000 ဝန်းကျင်နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီနှစ်မှာ မိတ်ဆက်လာမယ့် Galaxy Z Flip 3 က စျေးနှုန်းအနေနဲ့ $1,100 ဝန်းကျင်နဲ့ Galaxy Z Fold 3 က $1,600 ဝန်းကျင်ဖြစ်လာနိုင်ပါတယ်။ ဒါက မနှစ်တုန်းကထက် $400 (မြန်မာငွေ ၆ သိန်းခွဲနီးပါး) ပိုပြီး သက်သာသွားမှာပါ။

Samsung ဟာ ယခင်တုန်းက စျေးသက်သာတဲ့ Foldable စမတ်ဖုန်းတွေကို မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ကြည့်ရတာကတော့ Flagship Foldable ဖုန်းတွေကိုပဲ အရင် စျေးလျော့ချပြီး မိတ်ဆက်သွားမယ့်ပုံစံပါပဲ။ ဘာပဲဖြစ်ဖြစ် ဒါက သုံးစွဲသူတွေအတွက်တော့ တကယ်ကိုဝမ်းသာစရာသတင်းတစ်ခုပါ။

Ref – Android Authority