ဆော်ဒီအာရေးဗီးယားက ပျံသန်းနိုင်တဲ့ လျှပ်စစ် မော်တော်ဘုတ်တွေနဲ့ ခရီးသည်တွေကို ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။ ပျံသန်း နိုင်တဲ့ မော်တော်ဘုတ်ဆိုတော့ သိပ္ပံရုပ်ရှင်ကားတွေမှာပဲ မြင်ဖူးကြမှာ ဖြစ်ပြီး လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ ထင်ကြမှာပါ။ ဒါပေမယ့် ဆော်ဒီအာရေးဗီးယားက အဲဒီ စီမံကိန်းကို အကောင်အထည် ဖော်နေပြီ ဖြစ်ပြီး ဆွီဒင် လျှပ်စစ် မော်တော်ဘုတ် ကုမ္ပဏီ Candela ရဲ့ P-12 လျှပ်စစ် မော်တော်ဘုတ် ၈ စီးကို ဝယ်ယူထားပြီးပါပြီ။ အဲဒီမော်တော်ဘုတ်တွေကို နောက်နှစ်မှာ စတင်ပို့ဆောင်မှာပါ။
Candela ရဲ့ လျှပ်စစ် မော်တော်ဘုတ်တွေဟာ စွမ်းရည်မြင့်မားပါတယ်။ Candela က မော်တော်ဘုတ်ကို ရေပေါ် ရှပ်ပြေး ပျံသန်းနိုင်အောင် ကွန်ပြူတာ ထိန်းချုပ်တဲ့ Hydrofoils ကို အသုံးပြုထားပြီး မော်တော်ဘုတ် မြန်မြန်နဲ့ ဝေးဝေးသွားနိုင်အောင် ဘက်ထရီတွေကို ဖန်တီးထားပါတယ်။
အဲဒီ မော်တော်ဘုတ်တွေဟာ စွမ်းအင် သုံးစွဲမှု နည်းပါးသလို လှိုင်းထန်တဲ့ ပင်လယ်မှာလည်း ငြိမ်သက်စွာ မောင်းနှင်နိုင်ပါတယ်။ မော်တော်ဘုတ်ဟာ လှိုင်းတွေအထက်ကနေ ပျံသန်းနိုင်တဲ့အတွက် ခရီးသည်တွေဟာ လှိုင်းမူးတဲ့ ဒဏ်ကို မခံစားရပါဘူး။
Candela ရဲ့ ပြောရေးဆိုခွင့်ရှိသူ က “ မော်တော်ဘုတ်တွေဟာ အသံဆူညံမှု မရှိဘဲ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုလည်း မရှိပါဘူး။ အနာဂတ် ရေကြောင်း သယ်ယူပို့ဆောင်ရေး စနစ်ကို တော်လှန်ဆန်းသစ်စေပါတယ်။ “ လို့ ပြောပါတယ်။
Ref : electrek