တစ်ကမ္ဘာလုံးက နည်းပညာပရိသတ်တွေ လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် Galaxy S26 Ultra မိတ်ဆက်ပွဲကို စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြချိန်မှာ ဒူဘိုင်းအခြေစိုက် ယူကျုဘာတစ်ဦးကတော့ အဲဒီဖုန်းအသစ်ကြီးကို လက်ဝယ်ပိုင်ဆိုင်ပြီး အသုံးပြုနေပါပြီ။

သူဟာ အဲဒီဖုန်းကို ဒူဘိုင်းမြို့ရဲ့ အဓိက အီလက်ထရောနစ် ဈေးကွက်မှာရှိတဲ့ ဆိုင်တစ်ဆိုင်ကနေ ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။ ပုံမှန်ဆိုရင် လက်လီဆိုင်တွေဟာ ဖုန်းမိတ်ဆက်ပွဲ မတိုင်ခင်ကတည်းက ပစ္စည်းတွေ ကြိုတင်ရရှိထားတတ်ပေမယ့် ကုမ္ပဏီရဲ့ သတ်မှတ်ရက်ကို တိတိကျကျ လိုက်နာရပါတယ်။ ဒါကြောင့် အခုလို တရားဝင် မကြေညာရသေးတဲ့ ဖုန်းတစ်လုံးကို အပြင်မှာ ကြိုတင်ရောင်းချလိုက်တာဟာ အင်မတန် ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်နေပါတယ်။

ဒူဘိုင်းအခြေစိုက် နည်းပညာ ယူကျုဘာ ဆာဟီးလ် ကာရိုး (Sahil Karoul) ဟာ သူဝယ်ထားတဲ့ Galaxy S26 Ultra အသစ်အကြောင်းကို X လူမှုကွန်ရက်ပေါ်မှာ စိတ်ဝင်စားစရာကောင်းအောင် မျှဝေနေပါတယ်။ Samsung ဘက်က တားမြစ်ပိတ်ပင်တာမျိုး မရှိဘူးဆိုရင် ဖုန်းရဲ့ အမိုက်စား လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ မေးမြန်းချက်တွေကို သူက ဆက်လက် ဖြေကြားသွားဖို့ ရှိနေပါတယ်။
အဲဒီလို ကြိုတင်ရောင်းချပေးတဲ့ ဒူဘိုင်းက ဆိုင်ကို အပြေးအလွှား မသွားနိုင်တဲ့ တခြားသူတွေ အနေနဲ့ကတော့ Galaxy S26 Ultra ရဲ့ အစွမ်းအစတွေကို အပြည့်အဝ သိရဖို့အတွက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပမယ့် Samsung ရဲ့ Unpacked ပွဲကြီးကိုပဲ ဆက်လက် စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Ref : Sammobile